ဒေါ်အောင်ဆန်းစုကြည် ပုသိမ်ရေဘေး သွားရောက်ကူညီ

မြန်မာနိုင်ငံမှာ နှစ်စဉ် ကြုံတွေ့နေရတဲ့ ရေဘေးဒုက္ခ ရဲ့အကြောင်းရင်းတွေကို ရှာဖွေပြီး ရေတိုရေရှည် အစီအစဉ်တွေ ဆောင်ရွက်ဖို့ လိုကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့ ရေဘေးဒုက္ခသည်များကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က သွားရောက်တွေ့ဆုံနေစဉ်။ RFA

ဒေါ်အောင်ဆန်းစုကြည်ဟာ ဧရာဝတီတိုင်း ပုသိမ်မြို့ကို ဒီကနေ့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူတွေနဲ့ တွေ့ဆုံရာမှာ အခုလို ပြောကြားခဲ့တာပါ။

"ဒီနေ့ အဓိက လာရတဲ့အကြောင်းရင်းကတော့ ရေဘေးကြောင့်ထိခိုက်သွားတဲ့ ရပ်ကွက်တွေ အခြေအနေကို လာပြီးတော့ လေ့လာဖို့ပါ။ ၁၁ ရပ်ကွက်တောင်မှ ရေကြီးတဲ့ဒဏ်ကို ခံရတယ်လို့ ပြောပါတယ်။ နံပတ်တစ်ကတော့ ဘာဖြစ်လို့ ဒီလို ရေခဏခဏကြီးလဲပေါ့။ မိုးတွင်းတိုင်း ရေကြီးတဲ့ ရပ်ကွက်တွေမှာ အခြေခံ ပြဿနာရှိတယ်။ ဥပမာ ရေကြည်ဦး ရပ်ကွက်ကိုရောက်တဲ့အခါမှာဆိုရင် တာတွေက ကောင်းကောင်း မပံ့ပိုးထားလို့ နှစ်တိုင်းနှစ်တိုင်း ရေတက်တယ်လို့ ကြားရတယ်။ အဲဒီလိုပေါ့။ ရပ်ကွက်အလိုက် ဘာကြောင့်နှစ်တိုင်းနှစ်တိုင်း ဘာကြောင့် ရေကြီးတာလဲဆိုပြီးတော့ ရေရှည်အတွက် လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဖို့ ကျွန်မတို့ ကြိုးစားစီစဉ်သွားပါမယ်။"

ဒေါ်အောင်ဆန်းစုကြည်ဟာ ပုသိမ်မြို့မှာ ရေဘေးဒဏ် အဆိုးရွားဆုံး ခံရတဲ့ ရပ်ကွက် ၁၁ ခုထဲက ရေကြည်ဦး ရပ်ကွက်နဲ့ အမှတ် (၁၄) ရပ်ကွက်က ပြည်သူတွေကို သွားရောက် တွေ့ဆုံခဲ့ပြီး၊ ရပ်ကွက်နေ ပြည်သူတွေရဲ့ ကျန်းမာရေး ပြဿနာကို အမြန်ဖြေရှင်းပေးဖို့ အတွက် ရပ်ကွက်တစ်ခုကို အရေးပေါ် ရန်ပုံငွေ ငွေကျပ် (၁၀) သိန်း လှူဒါန်းခဲ့ပါတယ်။

ရေဘေးသင့် ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ကျန်းမာရေး ပြဿနာအတွက် စေတနာ့ဝန်ထမ်း ဆရာဝန်တွေ စေလွှတ်ပေးပြီး၊ အပတ်စဉ်ပုံမှန် ဆေးဝါးကုသမှုတွေ လုပ်နိုင်အောင် ကြိုးစားသွားမယ်လို့လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့ပါတယ်။

"ရေကြီးလို့ ရေမသန့်သွားတာမို့ ကျန်းမာရေး မကောင်းတဲ့ ကိစ္စတွေ ဒါတွေက ရပ်ကွက်တိုင်းမှာ တူလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်။ ရေကြီးတဲ့ဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ ရပ်ကွက်တွေက စပြီးတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အထောက်အကူ အစီအစဉ်လေးတွေကို စပြီး လုပ်ပါမယ်။ တဖြေးတဖြေး စီမံကိန်းတွေကို ချဲ့ထွင်ပြီးတော့ လုပ်သွားဖို့ ကြိုးစားပါမယ်။"

ဒီကနေ့ ပုသိမ်ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပြီး နောက်ပိုင်း ဧရာဝတီတိုင်း ဒေသကြီးကို ပထမဆုံး သွားရောက်တဲ့ ခရီးစဉ် ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org