ဒေါ်အောင်ဆန်းစုကြည် မယ်လ ဒုက္ခသည်စခန်းကို သွားရောက်
2012.06.02

ဒေါ်အောင်ဆန်းစုကြည်က ပလပ်စတပ် ထိုင်ခုံပေါ် မတ်တပ်ရပ်ပြီး အသံချဲ့စက် မိုက်ကရိုဖုန်းမပါဘဲ သူ့ကို ကြိုဆိုနေကြတဲ့ လူအုပ်ကြီးကို နှုတ်ဆက်စကား ပြောကြားပါတယ်။
"နံပတ်တစ်က အရေးကြီးဆုံးပြောချင်တာက ဒီကလူတွေကို မေ့ပြီးတော့ မထားပါဘူးလို့။ အမေတို့အနေနဲ့ ဒီဒုက္ခသည်စခန်းမှာ ကျမ်းမာရေးအရ လိုအပ်တဲ့အရာတွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးဖို့ ကြိုးစားပါမယ်လို့။ အားလုံးကို မမေ့ထားပါဘူးလို့၊ ကြိုးစားပြီးတော့ လုပ်ပေးပါမယ်လို့၊ အားလုံး အိမ်ပြန်လာနိုင်အောင် ကြိုးစားပါမယ်။ အရှေ့က လူတွေက အနောက်က လူတွေကို ပြောပြပေးပါ။ အားလုံး ကျန်းမာချမ်းသာကြပါစေ။"
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မိုက်ကရိုဖုန်း မရှိတဲ့အတွက် သူ့ကိုကြိုဆိုကြတဲ့ လူအုပ်ကြီးကို ကြာကြာစကား မပြောနိုင်ခဲ့ပေမဲ့ ဒုက္ခသည်စခန်းက ခေါင်းဆောင်တွေနဲ့ အချိန်ယူပြီး ဆွေးနွေးခဲ့ပါတယ်။
အခုလို ထိုင်း၊ မြန်မာနယ်စပ်က စစ်ဘေးဒုက္ခသည်တွေကို ဒေါ်အောင်ဆန်းစုကြည် လာရောက်တွေ့ဆုံတာဟာ ဒါပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။
ကရင်တိုင်းရင်းသား အများဆုံး အပါအဝင် စစ်ဘေးဒုက္ခသည်ပေါင်း (၁) သိန်း (၄) သောင်းလောက်ဟာ နယ်စပ်တလျှောက် ဒုက္ခသည်စခန်း အသီးသီး နေထိုင်ကြတဲ့ အထဲမှာ အဲဒီ မဲလဒုက္ခသည်စခန်းဟာ အကြီးဆုံး ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မဲလဒုက္ခသည် စခန်းကနေ မနက် (၁၀) နာရီမှာ ပြန်လည်ထွက်ခွာလာပြီး မဲဆောက်မြို့ကို နေလည်(၁) နာရီလောက်မှာ ရောက်ရှိပါတယ်။ အဲဒီနောက် နေ့လည် (၂) နာရီ (၁၅) မိနစ်မှာ မဲဆောက် လေဆိပ်ခန်းမအတွင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး (၃) နာရီမှာ အထူးလေယာဉ်နဲ့ ဘန်ကောက်မြို့ကို ထွက်ခွာသွားပါတယ်။
ဒီသတင်းအပြည့်စုံ ကို RFA သတင်းထောက် ကိုအောင်မြတ်စိုးက သတင်းပို့ထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |