ဗားဆလတ် ဟာဘဲ အောက်မေ့ဖွယ်အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် စကားပြော

ဗားဆလတ် ဟာဘဲ Vaclav Harvel ဟာ သက်ရှိထင်ရှား မရှိတော့ပေမယ့် လည်း မြန်မာပြည်သူတွေအတွက် အားအင်တွေ ဆက်လက် ပေးနေဆဲပါ လို့ မနေ့က ဝါရှင်တန်ဒီစီ မြို့တော်မှာကျင်းပတဲ့ “ဗားဆလတ် ဟာဘဲ အောက်မေ့ဖွယ်အခမ်းအနား” မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

2012.01.07
assk-vaclav-havel-305 ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်တွင် National Endowment for Democracy NED ခေါ် ဒီမိုကရေစီ ထောက်ခံအားပေးရေးအဖွဲ့က ကျင်းပသည့် “ဗားဆလတ် ဟာဘဲ အောက်မေ့ဖွယ် အခမ်းအနား” တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဗီဒီယိုမှတစ်ဆင့် စကားပြောစဉ်။
screenshot

မြန်မာ့အရေးကို အဓိက ကူညီဆောင်ရွက်ပေးနေတဲ့ National Endowment for Democracy NED ခေါ် ဒီမိုကရေစီ ထောက်ခံ အားပေးရေးအဖွဲ့က ပြုလုပ်တဲ့ အဲဒီ အောက်မေ့ဖွယ် အခမ်းအနားမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုက တစ်ဆင့် စကားပြောခဲ့ပါတယ်။

ဗားဆလတ် ဟာဘဲဟာ မကွယ်လွန်မီရက်ပိုင်းက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး စာရေးသားပေးပိုခဲ့ကြောင်း၊ စာကို သူကွယ်လွန်ပြီး ၂ ရက်လောက်နေမှ လက်ခံရရှိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

“သူ့ဘဝရဲ့နောက်ဆုံးအချိန် သေအံ့ဆဲဆဲမှာတောင် မြန်မာပြည်ရဲ့ အရေးကို သတိတရ ရှိနေသေးတဲ့အတွက် အလွန်ကို အံသြမိရပါတယ်။ ဒီစာဟာ သူ့စိတ်နှလုံးသားကို ဖော်ပြနေတာပါပဲ။ နွေးထွေးတဲ့ သူ့ နှလုံးသားကနေ ဉာဏ်ပညာနဲ့ ပြည့်ဝတဲ့ လက်ဆောင်တစ်ခု ပေးခဲ့တာပါ။ သူတစ်ပါးရဲ့လိုအပ်ချက်ကို သိမြင် နားလည်နိုင်တဲ့ နှလုံးသား ရှိသူပါ။ ဒါကြောင့်လည်း သူ့ကို တကယ့်မိတ်ဆွေရင်းလို ချစ်ခင်ရတာပါ။ သူ့စာထဲမှာ မြန်မာပြည်သူတွေ ဆက်လက် တွေ့ကြုံရမယ့် အကြောင်းအရာတွေကို သင်ကြား ပြသပေးခဲ့ပါတယ်။ မြန်မာပြည်သူတွေရဲ့အနာဂတ်ကို သူ စိုးရိမ်ပူပန်ခဲ့ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပြပါတယ်။

စာရဲ့နောက်ဆုံးအပိုဒ်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဖတ်ပြခဲ့ပါတယ်။ ဒီစာထဲမှာ ချက်သမ္မတနိုင်ငံ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို ဗားဆလတ် ဟာဘဲက ပြန်လည် မျှဝေထားပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်က ဗားဆလတ် ဟာဘဲဟာ သက်ရှိထင်ရှား မရှိတော့ပေမယ့်လည်း မိမိတို့ကို ဆက်လက်ပြီး ကူညီအားပေးနေဆဲဖြစ်ကြောင်း၊ သူ့အတွေ့အကြုံတွေ၊ ယုံကြည်ချက်တွေဟာ လူတစ်ဦးချင်းစီအတွက် အားအင်တွေ ဖြစ်ထွန်းစေသလို လူ့အဖွဲ့အစည်း တစ်ရပ်လုံးကိုလည်း အများပြည်သူ မျှော်လင့်ချက်နဲ့အညီ ပြန်လည် တည်ဆောက်နိုင်ရေးအတွက် အားအင်တွေ ဖြစ်ထွန်းစေကြောင်း ပြောကြားသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။