ဒေါ်အောင်ဆန်းစုကြည်ကို ဘာနာဇီယာဘူတို ဒီမိုကရေစီဆု ချီးမြှင့်
2012.01.25

RFA
မြန်မာနိုင်ငံမှာ ၂ ရက်ကြာ ရောက်နေတဲ့ ပါကစ္စတန် သမ္မတ အာဆစ်အလီ ဇာဒါရီဟာ ဒီကနေ့ နေ့လယ်ပိုင်းက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ လာရောက် တွေ့ဆုံခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး တာဝန်ခံ ဦးခွန်သာမြင့်က ပြောပြပါတယ်။
သမ္မတကြီးနဲ့အတူ သားနဲ့သမီး ပါလာကြောင်း၊ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မိနစ် ငါးဆယ်လောက် ဆွေးနွေးကြောင်း၊ အဲဒီနောက် အိမ်အပြင် သတင်းထောက်တွေ ရှေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဘာနာဇီယာဘူတို ဆုတံဆိပ်ကို သမ္မတကြီးရဲ့ သမီးက ဆွဲပေးကြောင်း သိရပါတယ်။
ပါကစ္စတန် သမ္မတ ဇာဒါရီဟာ မနေ့က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေကို အလေးထား ဆွေးနွေးခဲ့ပါတယ်။
ပါကစ္စတန် ရေနံဝန်ကြီးကို မြန်မာနိုင်ငံကို စေလွှတ်ဖို့ အပါအဝင် မြန်မာနဲ့ ပါကစ္စတန် နိုင်ငံတို့ အကြား ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်သွားရေး ကိစ္စတွေကိုလည်း အကျယ်တဝင့် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်ရေးမှာ အခွန်ကောက်ယူမှု လျှော့ချရေးနဲ့ နှစ်နိုင်ငံ ဗဟိုဘဏ်တွေ အကြား ငွေကြေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်သွားဖို့ကိုလည်း တိုက်တွန်းခဲ့တယ်လို့ သမ္မတ ဇာဒါရီရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။
ပါကစ္စတန် သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး တွေ့ဆုံစဉ် ကိုယ်တိုင် ပါဝင်သူ အန်အယ်လ်ဒီ ဗဟိုနာယက အဖွဲ့ခေါင်းဆောင် ဦးတင်ဦးကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |