မြန်မာတိုင်းရင်းသားများ အပြန်အလှန် နားလည်လေးစားမှုရှိဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
2012.09.20

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ ရှိတဲ့ American University အမေရိကန်တက္ကသိုလ်မှာ ကျင်းပပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာတိုင်းရင်းသား မိသားစုများ တွေ့ဆုံပွဲမှာ အဲဒီလို ပြောကြားလိုက်တာပါ။
ဒါပေမဲ့ တိုင်းရင်းသားဒေသတွေနဲ့ ပတ်သက်လို့ အပြည့်အ၀ ကျေနပ်နိုင်လောက်တဲ့ အခြေအနေ တစ်ရပ်မှာ မရှိသေးဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
"အားလုံးသိတဲ့အတိုင်း ပဋိပက္ခတွေ ဆိုတာလည်း အားလုံး ငြိမ်းသွားသေးတာ မဟုတ်ပါဘူး။ နောက်ပြီးတော့ ကျွန်မတို့ရဲ့ တိုင်းရင်းသား ဒေသတွေမှာ ဖွံ့ဖြိုးရေး လိုအပ်ချက်တွေ အများကြီး ရှိနေပါတယ်။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ ဖွံ့ဖြိုးရေး လိုအပ်ချက်တွေ ရှိနေပါတယ်။ ဒါပေမဲ့ တိုင်းရင်းသား ဒေသတချို့ရဲ့ လိုအပ်ချက်တွေဟာ ပိုပြီးတော့ တခြားဒေသထက် များတယ်ဆိုတာ ကျွန်မတို့ သတိပြုဖို့လိုပါတယ်"
တိုင်းရင်းသားအရေး ကိစ္စအပြင် ညီညွတ်ရေး၊ ပြည်ပရောက်နေသူတွေ မြန်မာနိုင်ငံကို တတ်နိုင်တဲ့ဘက်က ပံ့ပိုးကူညီရေး၊ တရားဥပဒေ စိုးမိုးရေး၊ အရည်အချင်း မြှင့်တင်ရေး၊ အမျိုးသား ရင်ကြားစေ့ရေး စတာတွေကိုလည်း ထည့်သွင်းပြောကြား သွားပါတယ်။
အခုတွေ့ဆုံပွဲ ကျင်းပတဲ့ အမေရိကန် တက္ကသိုလ်ကနေ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၇ ခုနှစ်မှာ ချီးမြှင့်တဲ့ ဥပဒေရေးရာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို အခုအခမ်းအနားမှာ တက္ကသိုလ် အဓိပတိ Dr. Cornelius Kerwin က ဘွဲ့လက်မှတ် အပ်နှင်းပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာတိုင်းရင်းသား၊ မိသားစုများ တွေ့ဆုံပွဲကို ဝါရှင်တန် ဒီစီနဲ့ တဆက်ထဲ ရှိကြတဲ့ Maryland, Virginia ပြည်နယ်တွေက မြန်မာတွေသာမက အမေရိကန် အရှေ့ခြမ်း နယူးယောက်နဲ့ ဖလော်ရီဒါ ပြည်နယ်ကအစ အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယား ပြည်နယ်အဆုံး ပြည်နယ်ပေါင်းစုံက မြန်မာ တိုင်းရင်းသားတွေ အများအပြား တက်ရောက်ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ညနေပိုင်းမှာတော့ National Endowment for Democracy (NED) အဖွဲ့ရဲ့ ၂၀၁၂ ခုနှစ် ဆုပေးပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
အဲဒီဆုပေးပွဲမှာ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ၊ ထိုင်း-မြန်မာနယ်စပ် မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာ စင်သီယာမောင်နဲ့ အမေရိကန် အခြေစိုက် US Campaign for Burma အဖွဲ့ ဦးအောင်ဒင်တို့က ဆုလက်ခံ ရယူခဲ့ကြပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ဆုလက်ခံရယူဖို့ ဖိတ်ကြားခဲ့ပေမဲ့ ဒီအခမ်းအနားကို တက်ရောက်နိုင်ခြင်း မရှိပါဘူး။
အမေရိကန် တက္ကသိုလ်က အခမ်းအနား အကြောင်းကို ဒေါ်စန်းစန်းတင်က တင်ပြထားပါတယ်။
![]() |
တင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |
ဝါရှင်တန် ဒီစီ မြို့တော်မှာရှိတဲ့ National Endowment for Democracy (NED) အဖွဲ့ရဲ့ ၂၀၁၂ ခုနှစ် ဆုပေးပွဲ အခမ်းအနားကိုတော့ ဒေါ်သင်းသီရိက တင်ပြထားတာ နားဆင်နိုင်ပါတယ်။
![]() |
တင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |