အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် လက်တွဲဆောင်ရွက်မယ်လို့ ပူးတွဲကြေညာ
2011.08.12

AFP
ဒီမိုကရေစီ ထွန်းကားရေးနဲ့ စီးပွား လူမှု ဖွံ့ဖြိုးရေးအတွက် အပြုသဘော ပူးပေါင်း ဆောင်ရွက်ကြမယ် လို့လည်းဆိုပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ရိပ်သာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်တို့ တနာရီနီးပါး တွေ့ဆုံပွဲ အပြီး သဘော တူညီချက် တွေကို ခုလို ပူးတွဲ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီပူးတွဲ ထုတ်ပြန်ချက်ကို စိမ်းလဲ့ကန်သာ ရိပ်သာမှာ ဆွေးနွေးပွဲအပြီး ကျင်းပတဲ့ သတင်းစာ ရှင်းပွဲမှာ ဝန်ကြီး ဦးအောင်ကြည်က ဖတ်ပြခဲ့တာပါ။
“ယနေ့ တွေ့ဆုံမှုတွေ နှစ်ဘက်စလုံးက အောက်ပါအတိုင်း သဘောတူညီ ခဲ့ကြပါသည်။ (၁) ပြည်သူလူထု တရပ်လုံး၏ ပကတိ လိုအပ်ချက် ဆန္ဒများကို ဖြည့်ဆည်း ပေးသည့် အနေဖြင့် တိုင်းပြည် တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော် အစိုးရနှင့် နှစ်ဘက် လက်တွဲ ဆောင်ရွက် သွားမည် ဖြစ်သည်။ (၂) မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ် ဆက်လက် တိုးတက် ထွန်းကား စေရေးအတွက် လည်းကောင်း၊ စီးပွားရေးနဲ့ လူမှုရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက် လာစေရေး အတွက် လည်းကောင်း၊ အပြုသဘော ပူးပေါင်း ဆောင်ရွက်သွားမည်။ (၃) ပဋိပက္ခ အသွင်ဆောင်သော အမြင် သဘောထားများကို ရှောင်းရှား ကြပြီး အပြန်အလှန် ကူညီသော ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ် ဦးတည်ချက်ထား ဆောင်ရွက်သွားမည်။ (၄) တွေ့ဆုံ ဆွေးနွေးမှုများကို ဆက်လက် ပြုလုပ် သွားမည်”
ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာပြီး တဲ့နောက် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ က အစိုးရအဖွဲ့က ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံ ခဲ့ပါတယ်။ ခု တကြိမ် တွေ့ဆုံ မှုဟာ ဒုတိယ အကြိမ်ပါ။
ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျနေတဲ့ အချိန်က ဦးအောင်ကြည်နဲ့ ၈ ကြိမ်တိုင်တိုင် တွေ့ဆုံ ခဲ့ပေမယ့် သဘောထား တစုံတရာ ထုတ်ပြန်ခြင်း မပြုခဲ့ပါဘူး။
ဒီကနေ့ ဆွေးနွေးပွဲအပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့က ဖြေကြားခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |