ရိုဟင်ဂျာအရေး အစိုးရလုပ်ဆောင်ချက် ပွင့်လင်းမြင်သာမှု ရှိစေရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
2018.10.08

ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်အရေးနဲ့ ပတ်သက်ပြီး အစိုးရက ကိုင်တွယ် လုပ်ဆောင်နေတာတွေကို ပိုမိုပြီး ပွင့်လင်းမြင်သာမှုရှိအောင် လုပ်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကတိပေး ပြောကြားလိုက်ပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဂျပန် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ ဒီနေ့ေ တွ့ဆုံပြောကြားရာမှာ... ရခိုင်ပြည်နယ်က ပြဿနာကို ဖြေရှင်းဖို့နဲ့ လက်နက်ကိုင်တိုင်းရင်းသား အုပ်စုတွေနဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက်ပါ အစိုးရမှာ စိမ်ခေါ်မှုတွေရှိနေတယ် ဆိုတာကို လက်ခံပါတယ်၊ မဖုံးကွယ်လိုပါဘူး၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ဖို့၊ ပိုမိုကောင်းမွန်တဲ့ စီးပွားရေးအခွင့်အလမ်းတွေ ပေါ်ထွက်လာဖို့အတွက် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးရဖို့ လိုအပ်တယ်ဆိုတာကိုလည်း သိရှိ နားလည်ပါတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ မိတ်ဆွေနိုင်ငံတွေအပေါ် ပွင့်ပွင့်လင်းလင်း ရှိချင်ပါတယ်၊ ဘဝင်မကျတာတွေ ရှိနေရင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆိုစေချင်ပါတယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ တိုကျိုမြို့ကို ရောက်ရှိနေတာ ဖြစ်ပြီး မနက်ဖြန်မှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။