လွတ်လပ်ခြင်း ရုပ်ရှင်ပွဲတော်အတွက် ၅၃ ကားရွေးချယ်

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ ‘လွတ်လပ်ခြင်းအနုပညာ’ ရုပ်ရှင် ပွဲတော်အတွက် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဇာတ်ကားတိုပေါင်း ၁၈၈ ကားထဲက ၅၃ ကားကို ဆန်ခါတင် ရွေးချယ်ပြီးပြီလို့ ဆုရွေးချယ်ရေးအဖွဲ့က ဒီကနေ့ ပြောဆိုပါတယ်။

2011.12.27
short-film-festival-305 မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးစီးသည့် ‘လွတ်လပ်ခြင်းအနုပညာ’ ရုပ်ရှင်ပွဲတော် ကြော်ငြာပိုစတာ။
The Art of Freedom Film Festival

ဒါအပြင် ရုပ်ရှင်ဇာတ်ကားတို ပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ရုပ်ရှင်ဆင်ဆာအဖွဲ့ကို တင်ပြဖို့ မလိုပေမယ့် ရုပ်ရှင်ဇာတ်ကားတွေ အတွက် ချမှတ်ထားတဲ့ မူဘောင်အတွင်း ဝင်အောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ရွေးချယ်ရေးအဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည်၊ မင်းထင်ကိုကိုကြီးနဲ့ မိမိတို့ ပါဝင်ကြောင်း၊ ဇာတ်ကားတွေကို ရွေးချယ်ရာမှာတော့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်နဲ့ ပတ်သက်လို့ အနုပညာနဲ့ ဖော်ပြနိုင်စွမ်းနိုင်မှုကို ဦးစားပေး ရွေးချယ်ကြောင်း၊ နောက်ပြီး ပေါ်လွင်အောင် တင်ပြနိုင်မှုနဲ့ ဇာတ်သိမ်းပုံကိုလည်း ထည့်သွင်း စဉ်းစားကြောင်းကို ကိုဇာဂနာက ပြောပြပါတယ်။

“ရွေးချယ်ရေးအဖွဲ့က အန်တီရယ်၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးရယ်၊ ကျနော်ရယ်ပေါ့ဗျာ။ အဓိက အချက်ကတော့ ဒီရုပ်ရှင်ဇာတ်ကားရဲ့ Theme ကိုတော့ ကျနော်တို့က အပျက်မခံပါဘူး ခင်ဗျ။ Art of Freedom ထဲကို ဝင်အောင် ရိုက်ပြထားတဲ့ ကားတွေကို ကျနော်တို့ ဦးစားပေးပြီး ရွေးချယ်ပါတယ်။ ဒီဇာတ်ကားကို ပေါ်လွင်အောင် တင်ပြချက် ဘယ်လိုရှိသလဲ ဆိုတာကို ကျနော်တို့ ဒုတိယအဆင့် ထည့်သွင်းပြီးတော့ စဉ်းစားပါတယ်။ တတိယအဆင့်ကတော့ ဇာတ်သိမ်းပိုင်းကို ဘယ်လို ပရိသတ် ရင်ထဲကျန်အောင်၊ ဇာတ်ရဲ့ အထွတ်ကို ဘယ်လို ပို့တယ်ဆိုတာပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ စဉ်းစားပါတယ်”

ဆန်ခါတင် ရွေးချယ်ထားတဲ့ ၅၃ ကားထဲကနေ အမျိူးအစား ငါးမျိုး ခွဲခြားပြီး ဇာတ်ကား ငါးကားကို အပြီးသတ် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ လာမယ့် ဇန်နဝါရီ ၄ ရက်မှာ ဆုပေးပွဲ အခမ်းအနားကို ကျင်းပပါမယ်။ ဒါအပြင် ဆန်ခါတင် ဇာတ်ကားတို ၅၃ ကားလုံးကို ဒီဇင်ဘာလ ၃၁ ရက်က ဇန်နဝါရီ ၄ ရက်အထိ အခမဲ့ ပြသသွားဖို့ ဆုရွေးချယ်ရေးအဖွဲ့က စီစဉ်ထားပါတယ်။

‘လွတ်လပ်ခြင်းအနုပညာ’ ရုပ်ရှင်ပွဲတော်နဲ့ ပတ်သက်လို့ ဆုရွေးချယ်ရေး အဖွဲ့ဝင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးနဲ့ ဆက်သွယ် မေးမြန်းထားတာကို နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

ဒီအတောအတွင်း မြန်မာအစိုးရ ရုပ်ရှင်တည်းဖြတ်ရေး ဆင်ဆာအဖွဲ့ အဂတိ လိုက်စားမှုတွေကို ဝေဖန်ထောက်ပြ သရော်ထားတဲ့ ရုပ်ရှင် ဇာတ်လမ်းတို တစ်ပုဒ် အခု ရက်ပိုင်းအတွင်း Youtube အင်တာနက် ဗွီဒီယို စာမျက်နှာတွေက တစ်ဆင့် ပျံ့နှံ့ခဲ့ပါတယ်။

‘အဲဒီအခန်း ဖြတ်’ လို့ အမည်ပေးထားတဲ့ ဒီရုပ်ရှင်ဇာတ်ကားဟာ ‘လွတ်လပ်ခြင်းအနုပညာ’ ရုပ်ရှင်ပွဲတော်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာ ‘ဝိုင်း’ ကို ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။