မြန်မာကိုကူညီကြဖို့ ဗြိတိသျှပါလီမန်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
2012.06.21

ထုံးတမ်းစဉ်လာအရ နိုင်ငံအကြီးအကဲတွေနဲ့ အစိုးရအဖွဲ့ အကြီးအကဲတွေကိုသာ စကားပြောခွင့်ပြုတဲ့ ဗြိတိသျှ ပါလီမန်က ဒေါ်အောင်ဆန်းစုကြည်ကို မိန့်ခွန်းပြောကြားခွင့် ပေးတဲ့အပေါ် အဆုံးစွန်သော ဂုဏ်ပြုမှု တစ်ရပ်အဖြစ် မှတ်ယူကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အယ်လစ်ဇဘက် ဘုရင်မကြီးရဲ့နောက် ပါလီမန် နှစ်ရပ်ပေါင်းမှာ ထူးထူးခြားခြား မိန့်ခွန်းပြောခွင့်ရသူ ဒုတိယမြောက် အမျိုးသမီး ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က သူရဲ့ ဗြိတိန်ခရီးစဉ် ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး - ကျွန်မ ဒီကိုလာရခြင်းရဲ့ တစိတ်တပိုင်းက လက်တွေ့ကျတဲ့ အကူအညီတွေကို တောင်းခံဖို့ပါ။ မိတ်ဆွေတစ်ဦး အနေ နဲ့ ပြောင်းလဲမှုတွေကို ကူညီတဲ့သူ တစ်ဦးအနေနဲ့၊ တန်းတူ ရည်တူထားသူ တစ်ဦးအနေနဲ့၊ ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံကို အကူအညီပေးဖို့ပါ။ အခွင့်အရေးတွေနဲ့အတူ ကမ္ဘာမှာ ထိုက်သင့် တဲ့ နေရာရရှိဖို၊့ ကာလကြာရှည် မွတ်သိပ်စောင့်စား မျှော်လင့်နေတဲ့ မြန်မာပြည်သူတွေရဲ့ ဘဝတွေ ပိုမိုကောင်းမွန် တိုးတက်စေဖို့ပါ လို့ ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီး နှစ်ပေါင်းခြောက်ဆယ်အတွင်း ပဋိပက္ခ ကင်းငြိမ်းတဲ့ အချိန်ရယ်လို့မရှိခဲ့တဲ့အကြောင်း၊ ဒါကြောင့် ပဋိပက္ခဖြစ်ရခြင်းရဲ့ အခြေခံ အကြောင်း ရင်းကို ဖြေရှင်းဖို့နဲ့ တရားဥပဒေ စိုးမိုးဖို့ လိုအပ်ကြောင်း ပြောဆိုပါတယ်။
လောလောဆယ် မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းက အမျိုးသမီးတွေနဲ့ ကလေးတွေ ပါဝင်တဲ့ ထွက်ပြေးတိမ်းရှောင် နေရသူတွေကို ထောက်ပံ့ကူညီဖို့လိုအပ်တယ်လို့ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ဗြိတိန်နိုင်ငံ အနေနဲ့ မြန်မာပြည်အတွက် ရေတို ရေရှည် အကျိုးရှိမယ့် အကူအညီတွေ ဆက်လက် ပေးအပ်ဖို့လည်း ပန်ကြားလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်း ကောက်နှုတ်ချက်ကို ဦးကိုကိုအောင်က ကောက်နှုတ် တင်ပြမှာ ဖြစ်ပါတယ်။
![]() |
ကောက်နှုတ်တင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |