စစ်တွေသားနှစ်ဦး ပစ်ခတ်ခံရလို့ ဒဏ်ရာရ၊ သေနတ်သမားကို မမိသေး
2019.10.05
အေးငြိမ်းဆေးခန်းပိုင်ရှင် ဦးညီညီဆိုသူဟာ စစ်တွေမြို့ ကျောင်းတက်ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး သူအမြဲစီးနေတဲ့ သုံးဘီးနဲ့ ဆေးခန်းကနေ ပြန်အလာမှာ သူနဲ့ ယာဉ်မောင်းဖြစ်သူတို့ မနေ့ည ၉ နာရီခွဲလောက်မှာ သေနတ်နဲ့ပစ်ခံရတယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
နေအိမ်ရှေ့ကိုအရောက်မှာ နောက်ကနေ လိုက်လာတဲ့ဆိုင်ကယ်ပေါ်က လူနှစ်ယောက်က ပစ်တာလို့ ဦးညီညီရဲ့ ညီဖြစ်သူ ကိုထွန်းထွန်းနိုင်က RFA ကို ပြောပါတယ်။
သူတို့နှစ်ယောက်ဟာ သုံးချက် အပစ်ခံခဲ့ရတာဖြစ်ပြီး ဦးညီညီ ကတော့ ဒဏ်ရာ ပိုပြင်းထန်တယ်လို့ ကိုထွန်းထွန်းနိုင်က ပြောပါတယ်။
"ပထမတစ်ချက်ကတော့ ဆိုင်ကယ်ဘော်ဒီကိုဖောက်ပြီး တုတ်တုတ်မောင်းတဲ့သူရဲ့ ပေါင်ပေါ်ကျတာပေ့ါ။ ဒုတိယတစ်ချက်ကတော့ ကျနော့်အစ်ကို ဦးညီညီရဲ့ နှာခေါင်းရှေ့ နုတ်ခမ်းကို ဖောက်ပြီးဝင်သွားတာပေါ့။ နောက်တစ်ချက် ပစ်တယ်လို့တော့ပြောတယ်။ မထိဘူး။ နှာခေါင်းကနေ ဖောက်ပြီးတော့ ကျည်က လည်ချောင်းထဲ ဝင်နေတယ်ခင်ဗျ။ အခုတော့ ရန်ကုန်က နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံကြီးကို သွားပါတယ်။ သုံးဘီးသမားလေးမှာလည်း သူ့ပေါင်ထဲမှာ ကျည်ရှိနေပါတယ်ခင်ဗျ။ သူကတော့ ဒီမှာပဲ ခွဲစိတ်လို့ရတဲ့အနေထားမို့ ဒီမှာပဲ ခွဲစိတ်မှာပါခင်ဗျ။ ကြားရသလောက်တော့ အရိုးတွေမထိဘဲ အသားထဲမြုပ်ဝင်နေလို့ ခွဲစိတ်မှာပါ"
ဦးညီညီဟာ ဆေးခန်းအပြင် တခြားစီးပွားရေးလုပ်ငန်းတချို့ကို လုပ်ကိုင်နေသူဖြစ်ပြီး နိုင်ငံရေးကိစ္စတွေနဲ့ ပါဝင်ပတ်သက်တာမရှိတဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်တယ်လို့ မြို့ခံတချို့က မှတ်ချက်ပြုပြောပါတယ်။
ဒီလုပ်ရပ်ဟာ စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း မကျေနပ်လို့ ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တချို့လည်း ရှိပါတယ်။
ပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး ရဲစခန်းမှာ တိုင်ကြားထားတယ်လို့ သိရပါတယ်။
သူတို့ကို ပစ်ခတ်သွားသူကို ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်း၊ ဒုရဲမှူးကြီး မောင်မောင်စိုးနဲ့ စစ်တွေမြို့မရဲစခန်းတို့ကို RFA က ဒီကနေ့ ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ ဒီလိုလုပ်ကြံခံရတဲ့ဖြစ်စဉ်တွေ အတော်များများ ရှိလာပါတယ်။
၂၀၁၈ စက်တင်ဘာ ၂၅ ကနေ ကနေ ၂၀၁၉ ခု စက်တင်ဘာ ၂၂ ရက်အထိ တစ်နှစ်တာအတွင်း တပ်မတော်က ပြုစုထားတဲ့စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ အသတ်ခံခဲ့ရသူ ၂၆ ယောက်ရှိတယ်လို့ ဆိုပါတယ်။
အဲဒီအထဲမှာ စရဖက တပ်ကြပ်ဝင်းထိုက် နဲ့ ရဲတပ်ကြီးမောင်လှအပါအဝင် ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်မှုထမ်းဟောင်းတွေနဲ့ အရပ်သားတွေ ပါဝင်တယ်လို့ စက်တင်ဘာ ၂၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြောတာက
"ဆိုင်ကယ်နဲ့ ဘေးချင်းကပ်လိုက်တယ်။ ဆိုင်ကယ်နဲ့ ဘေးချင်းကပ် လိုက်ပြီး အမျိူးသား နှစ်ဦးက ပစ်သွားတယ်လို့ သိရပါတယ်။ အဲ့ဒီမှာ ကျည်ဖူးတွေ၊ ကျည်ခွံတွေကတော့ ပြည်တွင်းကျည်ခွံတော့ မဟုတ်ဘူး။ ကျနော်လည်း အဲ့လောက်ပဲသိရတယ်"
ရခိုင်ပြည်နယ်မှာ နယ်မြေတည်ငြိမ်မှုမရှိလို့ အုပ်ချုပ်ရေး၊ တရားဥပဒေ စိုးမိုးရေး အားနည်းနေချိန်ဖြစ်တာကြောင့် အခုလိုဖြစ်စဉ်တွေကြောင့် ဒေသခံအများအပြား စိုးရိမ်ကြောက်လန့်နေပါတယ်။
ပြီးခဲ့တဲ့ လကုန်ပိုင်းကလည်း ကျောက်တော်မြို့နယ်မှာ တာဝန် ထမ်းဆောင်နေတဲ့ ရဲတပ်ကြပ်တစ်ဦးနဲ့ ဘူးသီးတောင်က စစ်မှုထမ်းဟောင်းတစ်ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။
သြဂုတ်လအတွင်းမှာလည်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ဓားထိုးခံရလို့ သေဆုံးခဲ့သလို အမ်းမြို့နယ်မှာ စစ်မှုထမ်းဟောင်း တစ်ယောက်လည်း ပစ်ခတ်လုပ်ကြံခံရလို့ သေဆုံးခဲ့ပါတယ်။ ဒီလိုအမှုတွေ လတိုင်းနီးပါး ဆိုသလို ရှိလာနေတာပါ။
ဒီအမှုတွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဘက်က တရားခံတွေ ဖမ်းမိနိုင်တာ မရှိသေးတဲ့အတွက် ဝေဖန်ခံနေရပါတယ်။
စစ်တွေမြို့ခံ ဦးဇော်ဇော်ထွန်းက အခုလို ပြောပါတယ်။
ပြည်သူကို ကာကွယ်ပေးတာက အားနည်းတာတွေ့ရတယ်။ ဒေသခံလူထုတွေကြားမှာ စိုးရိမ်မှုတွေ ရှိနေပါတယ်
"တရားဥပဒေစိုးမိုးရေးကို တာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့တွေ လည်း အထူးသဖြင့် ပြည်သူလူထုကို ကာကွယ်ဖု့ိဆိုတာထက် သူတို့ရဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ကာကွယ်စောင့်ရှောက်နေတဲ့သဘောပဲဖြစ်နေတယ်။ ပြည်သူကို ကာကွယ်ပေးတာက အားနည်းတာတွေ့ရတယ်။ ဒေသခံလူထုတွေကြားမှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။ အစိုးရ လုံခြုံရေးအပါအဝင် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရေးအပိုင်းတွေကိုလည်း အားစိုက်လုပ်ဖို့ လိုနေတာတော့ တွေ့ရတယ်ပေါ့လေ"
ရခိုင်ပြည်နယ်မှာ တိုက်ပွဲဒေသတွေတင်သာမကဘဲ အခုလို မြို့တွေမှာပါ လုပ်ကြံ ပစ်ခတ်တဲ့ဖြစ်စဉ်တွေ၊ သေနတ် အလွယ်တကူ ကိုင်ဆောင်နေကြတာတွေကြောင့် ဒေသခံတွေအတွက် လုံခြုံရေးစိုးရိမ်နေရတယ်လို့ ပြောကြပါတယ်ရှင်။
(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)