သာယာဝတီမှာ ခရီးသွားတွေထံက ငွေကြေးတောင်းယူမှုတွေရှိနေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်ထဲက မြို့ပေါ်နဲ့ မြို့အဝင်ဂိတ်တွေမှာ စစ်ကောင်စီဩဇာခံ စစ်သားနဲ့ ရဲတွေဟာ ကိုရိုနာဗိုင်းရပ်စ်အကြောင်းပြပြီး စစ်ဆေးမှုတွေ လုပ်နေသလို ငွေကြေးတောင်းယူမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ဇွန်လကစလို့ သုံးဆယ်မြို့ တံတားအဆင်း၊ သာယာဝတီ မီးပွိုင့်ကွေ့နဲ့ လက်ပံတန်းမြို့အဝင်တွေမှာ တစ်နေရာ အင်အား ဆယ်ယောက်ဝန်းကျင်နဲ့ ပိုတင်းကျပ်ပြီး စစ်ဆေးနေတာ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သေနတ်လွယ်ထားတဲ့ စစ်သားတွေက ကုန်တွေကြည့်ပြီး ရစ်တာမျိုးရှိသလို နှစ်ပွင့်၊ သုံးပွင့် အရာရှိတွေ စစ်ဆေးတာမျိုးလည်း ရှိပါတယ်။ ငွေကတော့ အခြေအနေကြည့်ပြီး တစ်ထောင်ကနေ ငါးထောင်ထိ ပေးရပါတယ်"
ကျန်းမာရေးထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာ ပါရှိတဲ့သူတွေ၊ ကုန်ကားတွေကိုလည်း တားဆီးစစ်ဆေးပြီး စစ်သားနဲ့ ရဲတွေက လက်ဖက်ရည်ဖိုး တောင်းခံတာမျိုးလည်း ရှိနေတယ်လို့ ဆိုပါတယ်။
လက်ပံတန်းမြို့အဝင်မှာလည်း လူတစ်ယောက်ကို ငွေကျပ် နှစ်ထောင်၊ ဆိုင်ကယ်နဲ့ ကားတစ်စီး ငါးထောင်ကျပ် ဆိုပြီး စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက သတ်မှတ်တောင်းခံတာမျိုး ရှိခဲ့သလို ကုန်ကားတွေ ဟာလည်း ငွေကြေးပေးပြီးမှ ဖြတ်သန်းခွင့်ရနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ ဩဇာခံ ရဲနဲ့ စစ်သားတွေက ကိုရိုနာဗိုင်းရပ်စ်အကြောင်းပြပြီး စစ်ဆေးမှုတွေ၊ လာဘ်ငွေ တောင်းခံမှုတွေ လုပ်နေပေမယ့် စစ်ဆေးတဲ့နေရာတွေမှာ နှာခေါင်းစည်း တပ်ဆင်ထားတာမျိုးတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ကစလို့ ပဲခူးတိုင်း၊ သာယာဝတီမြို့ပေါ်မှာ မနက် ၄ နာရီကနေ နေ့လယ် ၁၂ နာရီအတွင်းသာ သွားလာခွင့် ပြုထားပြီး ဒီလိုသွားလာမယ့်သူတွေကိုလည်း ရပ်ကွက်ထောက်ခံစာ၊ ကျန်းမာရေး ထောက်ခံစာနဲ့ သွားလာဖို့ကို သာယာဝတီမြို့ COVID-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ကြေညာထားပါတယ်။