အာဆီယံညီလာခံကို သမ္မတ ဦးဝင်းမြင့် တက်ရောက်မည်
2018.04.23

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် စနေနေ့၊ စင်္ကာပူနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ညီလာခံကို တက်ရောက်မှာ မဟုတ်ဘဲ၊ သမ္မတ ဦးဝင်းမြင့် တက်ရောက်မယ်လို့ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောဆိုကြောင်း South China Morning Post၊ ဘန်ကောက်ပို့စ် နဲ့ ကျိုဒို သတင်းဌာန တွေက ဖေါ်ပြကြပါတယ်။
ဒါပေမဲ့ ညီလာခံ မတက်ရောက်နိုင်တဲ့အကြောင်းရင်းကိုတော့ မပြောဆိုပါဘူး။
ဒါဟာ ၂၀၁၆ ခုနှစ် NLD ပါတီ အာဏာရပြီးချိန်က စလို့၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဆီယံ ညီလာခံကို ပထမဆုံးအကြိမ် မတက်ရောက်နိုင်တာဖြစ်ကြောင်းလည်း ဖေါ်ပြပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ ဖိလစ်ပိုင်နဲ့ လာအိုနိုင်ငံတွေမှာ ကျင်းပခဲ့တဲ့ အာဆီယံ ဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာခင်ရက်ပိုင်းက ဗီယက်နမ်နိုင်ငံကို နှစ်ရက်တာ သွားရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ ပြည်ထောင်စု သမ္မတရုံးဝန်ကြီး ဦးသောင်းထွန်း က ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဆောင်ရွက်စရာတွေ အများအပြားရှိနေတဲ့အတွက်၊ ခရီးသွားနိုင်မှာမဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။