အာရှနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ ရှိကြတဲ့ ပြည်သူတွေ၊ ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေကြားမှာ အပြန်အလှန် နားလည်မှု ရရှိရေး ဆောင်ကြဉ်းနိုင်ခဲ့သူ နှစ်ဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးဟောင်းလည်းဖြစ်၊ Asia Society အဖွဲ့ ဥက္ကဋ္ဌဟောင်းလည်း ဖြစ်တဲ့ John Whitehead တို့ကို ဒီဆု ချီးမြှင့်လိုက်တာပါ။ နှစ်လည် ဆုပေးပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ပေးပို့လိုက်တဲ့ ဆုလက်ခံကြောင်း ဗီဒီယို သဝဏ်လွှာကို ပြသပါတယ်။ ဗီဒီယို သဝဏ်လွှာနဲ့ ပတ်သက်ပြီး အဖွဲ့ ပြန်ကြားရေးတာဝန်ခံ မစ္စတာဂျက်ဖ် စပင်ဆာက ဒီမိုကရေစီရေး အတွက် ပြည်သူတွေ အတွက် နှစ်ရှည်လများ ကြံ့ကြံ့ခံပြီး ကြိုးပမ်းခဲ့တာတွေ၊ ပိုမို ပွင့်လင်း ကောင်းမွန်တဲ့ နိုင်ငံ ဖြစ်လာဖို့ အစိုးရနဲ့ အဖြေရှာနေတာတွေ အတွက် ဒီဆုကို ပေးအပ်ကြောင်း၊ ရန်ကုန်မြို့မှာ သွားရောက် အကြောင်းကြားခဲ့တဲ့ Asia Society ကိုယ်စားလှယ် အဖွဲ့ဝင်တွေ ပြီးခဲ့တဲ့ စနေ တနင်္ဂနွေက ဗီဒီယို ရိုက်ကူးခဲ့တာလို့ ပြောပါတယ်။ Asia Society အဖွဲ့ ဒု ဥက္ကဋ္ဌ ဆူဇန် ဒီမက်ဂျီယို ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာအစိုးရ အဖွဲ့ဝင်တွေ၊ တခြား နိုင်ငံရေး အတိုက်အခံ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် လုပ်ကိုင်နိုင်မယ့် ကိစ္စရပ်တွေ ဆွေးနွေးခဲ့ပါတယ်။