အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ် တရုတ်ကို သတိပေးချက်ဖြစ်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ကမ္ဘာ့အကြီးဆုံး စူပါ ပါဝါ အင်အားကြီး နိုင်ငံတစ်ခု မြန်မာနိုင်ငံကို ဝင်လာပြီဆိုတာ တရုတ်အစိုးရကို သိသိသာသာ အချက်ပြလိုက်တာလို့ နယူးယောက် အခြေစိုက် Asia Society က မနေ့က သတင်းထုတ်ပြန်ပါတယ်။

2011.11.29

မြန်မာနိုင်ငံအပေါ် ၁၀ စုနှစ် အတန်ကြာ လွှွမ်းမိုးထားတဲ့ တရုတ်အစိုးရ အနေနဲ့ အမေရိကန်အစိုးရ အခုလို ဝင်ရောက်လာတာကို လိုလားမှာ မဟုတ်ဘူးလို့ Asia Society အဖွဲ့ရဲ့ နိုင်ငံတကာ မူဝါဒရေးရာ ဒုတိယ ဥက္ကဋ္ဌ စူစန် ဒီမက်ဂီယို (Susan Digaggio) က ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရ အလေးထား ပါဝင်ဆောင်ရွက် လာတော့မယ်ဆိုတာ တရုတ်အစိုးရကို အသိပေးလိုက်တာပါ၊ သဘာဝ သယံဇာတ အရင်းအမြစ် ပေါများကြွယ်ဝတဲ့ မြန်မာနိုင်ငံကို အမေရိကန် အစိုးရက အထီးကျန်ဖြစ်အောင် စီးပွားရေး ပိတ်ဆို့ရေး မူဝါဒချထားခဲ့တဲ့ ကာလအတွင်း တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးအကျိုးအမြတ်တွေ အလုံးအရင်းနဲ့ ချဲ့ထွင်ဆောင်ရွက်ခဲ့ပါတယ်၊ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အဓိက ကုန်သွယ်ဖက် နိုင်ငံဖြစ်လာတဲ့အပြင် အဓိက လက်နက်ရောင်းချတဲ့ နိုင်ငံလည်း ဖြစ်လာခဲ့ပါတယ်။ အခုတော့ မြန်မာအစိုးရဟာ မြစ်ဆုံရေကာတာ စီမံကိန်း ရပ်တန့်လိုက်မှု အပါအဝင် တရုတ်အစိုးရရဲ့ အကျိုးစီးပွား ကိစ္စတွေနဲ့ ပတ်သက်လို့ ခေါင်းခါဖို့ အဆင့်သင့် ဖြစ်နေပြီလို့ Asia Society အဖွဲ့ရဲ့ နိုင်ငံတကာ မူဝါဒရေးရာ ဒုတိယ ဥက္ကဋ္ဌ စူစန် ဒီမက်ဂီယို (Susan Digaggio) က ဆိုပါတယ်။

ဒါ့အပြင် အမေရိကန် အစိုးရက မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ပြန်လည် တည်ဆောက်မှုဟာ အာရှပစိဖိတ် ဒေသမှာ အမေရိကန်ရဲ့ ဦးဆောင်မှုကို ပြန်လည် ခိုင်မာအောင် အလေးထား ဖော်ထုတ်တဲ့ မဟာဗျူဟာ အစိတ်အပိုင်း တစ်ရပ်လို့လည်း Asia Society အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Asia Society အဖွဲ့ရဲ့ နိုင်ငံတကာ မူဝါဒရေးရာ ဒုတိယ ဥက္ကဋ္ဌ စူစန် ဒီမက်ဂီယိုကို အာရ်အက်ဖ်အေ အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-12-06 23:54

ဘာတွေဖြစ်လာမလဲဆိုတာကိုတော့စောင့်ကြည့်ရမှာပဲလေ။