ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး အာဆီယံခေါင်းဆောင်များတောင်းဆို

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ အောက်တိုဘာ ၂၈ ရက် ဒီကနေ့ ကျင်းပတဲ့ အာဆီယံနိုင်ငံများအဖွဲ့ ထိပ်သီးညီလာခံမှာ မြန်မာရွေးကောက်ပွဲ ကိစ္စဟာ အဓိက အရိပ်ထိုးနေပြီး ရွေးကောက်ပွဲ ဝင်ရောက် လေ့လာခွင့်ရရေး၊ လွတ်လပ် တရားမျှတရေး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကိစ္စတွေကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ပြောဆိုဆွေးနွေးကြတယ်လို့ သိရ ပါတယ်။

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်မြို့တွင် ကျင်းပသော အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သော မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဦးသန်းစိန် (ဝဲ) နှင့် ဖိလိပိုင် သမတ ဘင်နစ်နို အကွီနို (ယာ) တို့ကို ခေါင်းဆောင်များ သီးသန့်နေရာတွင် အောက်တိုဘာ ၂၈ ရက်က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်မြို့တွင် ကျင်းပသော အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သော မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဦးသန်းစိန် (ဝဲ) နှင့် ဖိလိပိုင် သမတ ဘင်နစ်နို အကွီနို (ယာ) တို့ကို ခေါင်းဆောင်များ သီးသန့်နေရာတွင် အောက်တိုဘာ ၂၈ ရက်က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP) ((Photo: AFP))

0:00 / 0:00

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ညီလာခံတက်လာတဲ့ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးတွေက မနေ့က ညစာစားပွဲမှာကတည်းက ထောက်ပြ ဆွေးနွေးတာတွေ ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ ပတ်သက်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက မေးရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲအပြီး လွှတ်ပေးကောင်း လွှတ်ပေးမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဦးဉာဏ်ဝင်းက ဖြေဆိုခဲ့ပြီး နေ့ရက်အချိန်ကာလ အတိအကျ မဖြေခဲ့ဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က ပြောပါတယ်။

အလားတူပဲ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ပတ်သက်လို့ မေးမြန်းကြရာမှာ ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဝင်ရောက် ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း ဦးဉာဏ်ဝင်းက ပြန်ဖြေခဲ့တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Alberto Romulo က ဒီကနေ့ သတင်းထောက်တွေကို ပြောပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲအပြီး ဗိုလ်ချုပ်မှူးကြီး ဘာဆက်လုပ်မလဲ ဆိုတာလည်း မယ်မယ်ရရ မဖြေနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒီကနေ့ ကျင်းပတဲ့ အာဆီယံညီလာခံနဲ့ နောက်ဆက်တွဲ အာရှလုံခြုံရေး ညီလာခံတွေ တက်ဖို့ တရုတ်ဝန်ကြီးချုပ် Wen Jiabao နဲ့ ကုလသမဂ္ဂအကြီးကဲ Ban Ki-Moon တို့ ဒီကနေ့ ရောက်လာသလို လာမဲ့ စနေနေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton လည်း ဟနွိုင်းမြို့ကို ရောက်မှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်သမတ Ninoy Aquino က စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ ညနေပိုင်းမှာ တွေ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြောင်း၊ ဒါပေမဲ့ မြန်မာဖက်က တိတိကျကျ တုံ့ပြန်တာ မရှိတဲ့အတွက် အကြီးအကျယ် စိတ်ပျက်ခဲ့ကြောင်း သမတရဲ့ ပြန်ကြားရေး အရာရှိက ပြောပါတယ်။

အာဆီယံညီလာခံက မြန်မာ့အရေး ပြောဆိုဆွေးနွေးမှုတွေ အကြောင်း ဟနွိုင်းမြို့ ထိပ်သီးညီလာခံကို ရောက်နေတဲ့ သတင်းစာဆရာ Larry Jagan ကို RFA မှ ကိုကျော်မင်းထွန်းက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

အသံဖိုင်ယူရန်