အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တချို့ အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံမည်
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား ၁ဝ ဖွဲ့ထဲက ၇ ဖွဲ့နဲ့ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn တို့ ဇူလိုင်လ ၁ ရက်နေ့မှာ တွေ့ဆုံမယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က RFA ကို ပြောပါတယ်။
- 2022-06-29
-
-
-
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တစ်ဖွဲ့ချင်း တွေ့ဆုံခဲ့တဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ဟာ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား ၁ဝ ဖွဲ့ထဲက ၇ ဖွဲ့နဲ့ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn တို့ ဇူလိုင်လ ၁ ရက်နေ့မှာ တွေ့ဆုံမယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က RFA ကို ပြောပါတယ်။
အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့အတွက် စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက ဖိတ်ကြားခဲ့တာလို့ ပြောပါတယ်။
“ဘယ်နှဖွဲ့ကို ဖိတ်တယ်ဆိုတာ အတိအကျမသိရပေမယ့် မနေ့ကအထိ ကျနော်တို့သိရသလောက်တော့ ၇ ဖွဲ့တော့ သေချာတယ်။ အဲဒီ ၇ ဖွဲ့ကလည်း ပြီးခဲ့တဲ့ နစက ဖိတ်ခေါ်တဲ့ တစ်ဖွဲ့ချင်းစီတွေ့ပြီး ပြန်လာတဲ့အဖွဲ့တွေ ဖြစ်တယ်။ ဒါကြောင့် ပြီးခဲ့တဲ့ နစကနဲ့ တွေ့ဆုံခဲ့တဲ့အဖွဲ့တွေကို စုပေါင်းပြီးတော့ တွေ့ဖို့ခေါ်တယ်လို့ အကြမ်းဖျင်း နားလည်မှုရှိပါတယ်” လို့ KNU/KNLA (PC) အဖွဲ့က ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။
ဖိတ်စာအရ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံရာမှာ တစ်ဖွဲ့ချင်းစီထက် စုပေါင်းတွေ့ဆုံရမှာဖြစ်တယ်လို့ ဆိုပါတယ်။ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ NCA အနှစ်သာရ သုံးချက်ဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ ဖြေရှင်းရေး၊ ပါဝင်သင့်သူအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှု ဖြစ်မြောက်ရေး၊ အရပ်သားတွေကို အကာအကွယ်ပေးရေး စတဲ့ PPST က ရပ်တည်ထားတဲ့မူအပေါ်မှာ အခြေခံဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အရပ်သားတွေကို အကာအကွယ်ပေးရေး ခေါင်းစဉ်အောက်မှာပါတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အနေနဲ့ ဒါမှမဟုတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အာဆီယံနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်သွားနိုင်မလဲ ဆိုတဲ့ကိစ္စအပြင် လက်ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အခြေအနေတွေနဲ့ ပတ်သက်လို့ အာဆီယံအထူးကိုယ်စားလှယ်ကို တိုက်တွန်းရမယ့် အချက်တွေလည်း ပါဝင်တယ်လို့ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။
ဒီကနေ့စတင်တဲ့ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ဒုတိယအကြိမ် ခရီးစဉ်ဖြစ်ပြီး ပထမအကြိမ်ခရီးစဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံခွင့်မရခဲ့ပါဘူး။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC) နဲ့ NCA စာချုပ်မှာ လက်မှတ်ရေးထိုးမထားတဲ့ 'ဝ' ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တစ်ဖွဲ့ချင်းစီ တွေ့ဆုံထားပါတယ်။