မြန်မာ့ပြဿနာပြေလည်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သြဇာ သုံးလိုကြောင်း အာဆီယံအထူးကိုယ်စားလှယ်ပြော

2022.07.20
မြန်မာ့ပြဿနာပြေလည်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သြဇာ သုံးလိုကြောင်း အာဆီယံအထူးကိုယ်စားလှယ်ပြော မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn
AFP

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမယ်ဆိုရင် မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါသြဇာကိုပါ အသုံးပြုချင်တယ်လို့ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက ပြောလိုက်ပါတယ်။

စင်္ကာပူအခြေစိုက် Channel News Asia သတင်းဌာနနဲ့ ဇူလိုင်လ ၂၀ ရက်နေ့က သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း က အခုလို ‌ပြောလိုက်တာပါ။

လာမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမတိုင်ခင် စက်တင်ဘာလ ဒုတိယပတ်အတွင်း မြန်မာနိုင်ငံကို တတိယအကြိမ်မြောက် တရားဝင်ခရီးစဉ် သွားရောက်ဖို့ စီစဉ်နေတယ်လို့  ပရက်ဆော့ခွန်းက ပြောပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းဆွေးနွေးလိုတဲ့ အရေးအကြီးဆုံးအချက်က မြန်မာနိုင်ငံရဲ့ရှေ့ရေး အနာဂတ်၊ လက်ရှိ အကျပ်အတည်းကနေ ဘယ်လိုထွက်မြောက်နိုင်မလဲ၊ သူ့ရဲ့ နိုင်ငံရေးသြဇာနဲ့ နိုင်ငံရေးလုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်တဲ့ နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှုကိစ္စတွေ ဖြစ်တယ်လို့ ပရက်ဆော့ခွန်းက ပြောပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက်တဲ့အခြေခံမူကို လက်နက်ကိုင်အဖွဲ့တွေကြား ဘယ်လို ဘယ်ပုံ သက်ရောက်အောင် ဆောင်ရွက်မလဲဆိုတဲ့ အချက်ကိုလည်း မေးမြန်းလိုကြောင်း ပြောဆိုခဲ့ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းရဲ့ ပြီးခဲ့တဲ့ တရားဝင် မြန်မာနိုင်ငံခရီးစဉ်နှစ်ခုအတွင်း အာဏာသိမ်းစစ်ကောင်စီက နေပြည်တော် အကျဉ်းထောင်မှာ ချုပ်နှောင်ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပြုခဲ့ပါဘူး။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။