အာဆီယံကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရ

2022.03.23
အာဆီယံကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီး ပရက်ဆော့ခွန်းနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။
Photo: AFP

မြန်မာနိုင်ငံကို သုံးရက်ကြာ လာရောက်ခဲ့တဲ့ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီး ပရက်ဆော့ခွန်းက ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီ ငြင်းပယ်ခဲ့ပါတယ်။

အမှုရင်ဆိုင်နေရသူနဲ့ တွေ့ဆုံခွင့်မရှိဘူးလို့ စစ်ကောင်စီခေါင်းဆောင်က ပြောဆိုခဲ့တဲ့ အကြောင်း ရိုက်တာသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

အာဆီယံအထူး ကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံက ဒီကနေ့ ပြန်ရောက်လာပြီး သတင်းထောက်တွေကို ဖနွမ်းပင်မြို့မှာ ပြောခဲ့တာပါ။ သူက အဖမ်းခံနေရတဲ့ စီးပွားရေး အကြံပေး သြစတြေးလျနိုင်ငံသား ရှောင်တာနလ် လွတ်မြောက်ရေးအတွက်လည်း ပြောခဲ့ပါတယ်။

စစ်ကောင်စီ ခေါင်းဆောင်ကတော့ အနာဂတ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဖမ်းဆီးထိန်းသိမ်း ခံနေရသူတွေနဲ့ တွေ့ဆုံခွင့်ရဖို့ကိစ္စကို စဉ်းစားမယ်လို့ တုံ့ပြန်ပါတယ်။ မြန်မာစစ်တပ်ရဲ့ ထိုးစစ်တွေအတွင်း ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ကိုလည်း အာဆီယံကိုယ်စားလှယ်က တိုက်တွန်းခဲ့ပါတယ်။

မြန်မာ့အရေးဟာ ရှုပ်ထွေးတယ်၊ ဖြေရှင်းနိုင်ဖို့ အချိန်ယူရမယ်၊ လက်ရှိအာဆီယံဥက္ကဋ္ဌ အလှည့်ကျ သက်တမ်းမှာ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့လည်း မစ္စတာပရက်ဆော့ခွန်းက ပြောပါတယ်။

"မြန်မာနိုင်ငံပြဿနာဟာ ရှုပ်ထွေးပြီး ရေရှည်ဖြေရှင်းရမယ့်ပြဿနာ ဖြစ်ပါတယ်။ အာဆီယံအထူးသံတမန် တစ်နှစ်သက်တမ်း ဒါမှမဟုတ် အာဆီယံဥက္ကဋ္ဌသက်တမ်း တစ်ခုတည်းမှာ ပြီးမြောက်နိုင်တဲ့လုပ်ငန်း မဟုတ်ပါဘူး"

မြန်မာပြည်က မတူကွဲပြားတဲ့အဖွဲ့အစည်းတွေက အဓိကကျတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ စေ့စပ်ညှိနှိုင်းဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုတာ ရှင်းရှင်းလင်းလင်းတွေ့ခဲ့တယ်လို့ သူကပြောပါတယ်။

“ကျနော်တို့က အဲဒီပုဂ္ဂိုလ်တွေ ပြန်လည်စေ့စပ်ရင်ကြားစေ့ချင်ပေမယ့် သူတို့ကပြန်လည်ရင်ကြားစေ့ရေးကိုမလုပ်ချင် တော့ဘူး။ ဒါဟာ အဓိကအခက်ခဲဆုံးဖြစ်တယ်”လို့ မစ္စတာပရက်ဆော့ခွန်းကပြောပါတယ်။

ဘက်ပေါင်းစုံကို လေ့လာကြည့်တဲ့အခါ လက်နက်ကိုင်တိုက်ဖို့ကိုပဲဆက်ပြီးလုပ်ချင်ကြတဲ့သဘော တွေ့ရသလို၊ ပန်းတိုင်ကတော့ တဘက်ကိုတဘက်အပြတ် အသတ်အနိုင်ရဖို့ပါပဲ အာဆီယံအထူး ကိုယ်စားလှယ်က ထည့်သွင်းပြောဆိုပါတယ်။

သူ့ရဲ့ ပထမအကြိမ် မြန်မာပြည် ခရီးစဉ်အတွင်း တိုးတက်မှု အနည်းငယ်ရှိခဲ့တယ်၊ အာဆီယံ နိုင်ငံတွေက သံတမန်တွေ၊ ဦးကိုကိုကြီးခေါင်းဆောင်တဲ့ ပြည်သူ့ပါတီနဲ့ တွေ့ခွင့်ရခဲ့တယ်လို့ ပြောတဲ့အကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ စစ်ကောင်စီကို တရားဝင်ဖြစ်စေတယ်ဆိုတဲ့ ဝေဖန်ချက် တွေကို သူ့အနေနဲ့ နားလည်ပါတယ်လို့လည်း ပြောပါတယ်။ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ကို စစ်ကောင်စီ ဆန့်ကျင်သူတွေက သဘောမတူကြပါဘူး။ သူ့ခရီးစဉ်အတွင်း တွေ့ဆုံဖို့ စီစဉ်ထားတာ တော်တော်များများလည်း ဖျက်ခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။