ပြည်သူကိုယ်စားပြုတဲ့သူတွေနဲ့သာ ဆက်ဆံဖို့ အာဆီယံကို NUG တောင်းဆို

RFA Burmese
2024.07.27
ပြည်သူကိုယ်စားပြုတဲ့သူတွေနဲ့သာ ဆက်ဆံဖို့ အာဆီယံကို NUG တောင်းဆို လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်နေသည့် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးအား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့က တွေ့ရစဉ်။
AFP

မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အာဆီယံရဲ့ဘုံသဘောတူညီချက် ငါးချက်ကို ပြန်လည်သုံးသပ်ဖို့ နဲ့ အာဆီယံအနေနဲ့ မြန်မာ့ပဋိပက္ခဖြေရှင်းရေး လုပ်ငန်းစဉ်တွေမှာ ပြည်သူကိုယ်စားပြု အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံဆောင်ရွက်သွားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တောင်းဆိုလိုက်ပါတယ်။

လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ ၅၇ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ပတ်သက်ပြီး NUG က ဇူလိုင် ၂၇ ရက်နေ့က သဘောထားကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာပါ။

အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို ပြန်လည်သုံးသပ်တာနဲ့ အကောင်အထည်ဖော်တဲ့ လုပ်ငန်းတွေ အပါအဝင် ထိတွေ့ဆက်ဆံမှုတွေမှာ NUG၊ တိုင်းရင်းသားတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့သာ ဆက်ဆံဖို့၊ အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေကို ကိုယ်စားပြုပါဝင်စေတာဟာ စစ်တပ်ရဲ့ အကျိူးစီးပွားကိုသာ ထင်ဟပ်စေပြီး မြန်မာပြည်တွေရဲ့ စိတ်ဆန္ဒနဲ့ အကျိုးစီးပွားကို ကိုယ်စားမပြုဘူးလို့လည်း ရေးသားထားပါတယ်။

အာဏာသိမ်းသုံးနှစ်ကျော်အတွင်း စစ်ကောင်စီက အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ဆောင်တာမရှိဘဲ ဆက်လက်ကျူးလွန် ဖောက်ဖျက်နေတယ်လို့လည်း ဆိုပါတယ်။

ဒီကာလတွေမှာ NUG နဲ့ တိုင်းရင်းသားမိတ်ဖက်တွေဟာ နယ်မြေထိန်းချုပ်မှုတွေ ပိုမိုလုပ်လာနိုင်သလို ပြည်သူတွေကို ဝန်ဆောင်မှုနဲ့ အုပ်ချုပ်မှုတွေ ပိုပံ့ပိုးဆောင်ရွက်နေပြီး ဒီအချက်ဟာ အာဆီယံအတွက် တရားဝင်ဆွေးနွေးဖက်တွေ ဖြစ်ကြောင်း ဖော်ပြနေတာလို့လည်း ရေးသားထားပါတယ်။

အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ်ဖို့၊ ပိုမိုအားကောင်းတဲ့ ချဉ်းကပ်မှုနည်းလမ်းတစ်ရပ် ရှာဖွေဖော်ထုတ်ဖို့နဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေအတွက် တာဝန်ခံမှုရှိစေရေးအတွက် သံတမန်ရေးအရ ဖိအားပေးတာတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်ဖို့ တောင်းဆိုတယ်လို့လည်း ဆိုပါတယ်။

အရပ်သားတွေကို မခွဲခြားဘဲ လေကြောင်းတိုက်ခိုက်မှုတွေကို တားဆီးဖို့အတွက် လေယာဉ်ဆီတင်ပို့တာတွေ ကန့်သတ်တာအပါအဝင် စစ်ခေါင်းဆောင်တွေနဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းတွေအပေါ် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့လည်း NUG က တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံအတွင်းကနေ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးခိုလှုံလာသူတွေကို လက်ခံပေးဖို့နဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ဒီလူတွေကို ကာကွယ်စောင့်ရှောက်ပေးတာ၊ အကူအညီပေးတာတွေ လုပ်ပေးဖို့လည်း တိုက်တွန်းတောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။