အာဆီယံထိပ်သီးညီလာခံမှာ မြန်မာ့အရေး ဦးစားပေးဆွေးနွေးဖို့ရှိ

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ(Ferdinand Marcos Jr) က အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံအရေးကို ဦးစားပေးဆွေးနွေးမယ်လို့ ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်ပါတယ်။
“ကပ်ရောဂါနဲ့ မြန်မာနိုင်ငံအခြေအနေ၊ တောင်တရုတ်ပင်လယ်ပြင်အရေး စတဲ့ ဒေသတွင်းကိစ္စတွေနဲ့ ရုရှားနဲ့ ယူကရိန်းကြား ဆက်ဖြစ်နေတဲ့ ပဋိပက္ခတွေလို အရေးကြီးတဲ့ ကိစ္စတွေကို ဆွေးနွေးကြမှာဖြစ်တယ်” - လို့ အာဆီယံထိပ်သီးညီလာခံကျင်းပမယ့် ကမ္ဘောဒီးယားနိုင်ငံကို မထွက်ခွာခင် ပြောဆိုလိုက်တာပါ။
အမေရိကန်အပါအဝင် နိုင်ငံတကာခေါင်းဆောင်တွေ တက်ရောက်ကြမယ့် အာဆီယံနဲ့ အရှေ့အာရှထိပ်သီး အစည်းအဝေးတွေကို လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ နိုဝင်ဘာ ၁ဝ ရက် ကြာသပတေးနေ့ စတင်ကျင်းပမှာ ဖြစ်ပါတယ်။
ဒီညီလာခံမတိုင်ခင်ကလည်း ဖိလစ်ပိုင်သမ္မတ မားကို့စ် က မြန်မာစစ်တပ်ကိုယ်စားလှယ်ကို အာဆီယံအစည်းအဝေးဖိတ်ဖို့ အဆိုတင်မယ်လို့ ပြောခဲ့ဖူးပါတယ်။

မြန်မာ့အရေး ဖြေရှင်းဖို့အတွက် ချဉ်းကပ်ပုံအသစ်ကို ကြာသပတေးနေ့ကျင်းပမယ့် ညီလာခံမှာ တင်ပြဖို့ရှိပြီး၊ ဒီနည်းလမ်းအသစ်ထဲမှာ မြန်မာနိုင်ငံပြဿနာကို ဖြေရှင်းရေး “အတူတကွ ဆောင်ရွက်ကြဖို့ အချိန်ကျနေပြီ။ ဒီကိစ္စတွေကို ဆွေးနွေးဖို့အတွက် အနည်းဆုံး မြန်မာစစ်တပ်ကိုယ်စားလှယ်တွေ ဆွေးနွေးပွဲဆီရောက်ဖို့ လိုတယ်လို့” ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ သတင်းထောက်တွေကို အောက်တိုဘာလ ၅ ရက်နေ့က ပြောခဲ့ပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချမှတ် ငါးချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိတာကြောင့် အာဆီယံအစည်းအဝေးတွေကနေ ဖယ်ရှားခံထားရတာပါ။
ကြာသပတေးနေ့ကျင်းပမယ့် အာဆီယံအစည်းအဝေးမှာလည်း စစ်ကောင်စီကို မဖိတ်ဘဲ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်ခြင်း မရှိတဲ့သူတစ်ဦးကို ဖိတ်ကြားထားပါတယ်။
အခုကျင်းပမယ့် အာဆီယံထိပ်သီးကို အမေရိကန်သမ္မတ Joe Biden နဲ့ တရုတ်ဝန်ကြီးချုပ် Li Keqiang တို့လည်း တက်ရောက်မှာဖြစ်ပါတယ်။
အမေရိကန်သမ္မတရဲ့ ခရီးစဉ်မတိုင်ခင် အင်္ဂါနေ့မှာတော့ မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရာမှာ အကူအညီပေးနေတဲ့ လုပ်ငန်းရှင်တစ်ယောက်နဲ့ ကုမ္ပဏီတစ်ခုကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ပါတယ်။
Sky Aviator ကုမ္ပဏီနဲ့ ပိုင်ရှင်ဖြစ်သူ ဒါရိုက်တာ ဦးကျော်မင်းဦး ကို အရပ်သားတွေ သေကျေထိခိုက်စေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အတွက် စစ်လက်နက်တွေ ရရှိအောင် ကူညီပံ့ပိုးသူအဖြစ် အရေးယူလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။