အကြမ်းဖက်အဖွဲ့တွေနဲ့ မဆက်ဆံဖို့ အာဆီယံကို စစ်ကောင်စီတုံ့ပြန်
2023.01.12

အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ အဖွဲ့အစည်းတွေနဲ့ မဆက်ဆံဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကို စစ်ကောင်စီက သတိပေးလိုက်ပါတယ်။
အခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက "မြန်မာ့အရေးဖြေရှင်းဖို့ သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးသွားမယ်” ဆိုပြီး ဇန်နဝါရီလ ၁၁ ရက်နေ့က ပြောကြားခဲ့တဲ့အပေါ်စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို တုံ့ပြန်လိုက်တာပါ။
မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်ငါးချက်ကို စစ်ကောင်စီဘက်က လိုက်နာ အကောင်အထည်ဖော်တာ မရှိသေးကြောင်း၊ မြန်မာ့အရေးကြောင့် အာဆီယံရဲ့ညီညွတ်ရေး ဓားစာခံ အဖြစ်မခံနိုင်ကြောင်းလည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ မြန်မာ့ရေးဖြေရှင်းဖို့ အာဆီယံ အထူးသံတမန်ရုံး ဖွင့်လှစ်ပြီး ကိုယ်တိုင်ဦးဆောင်သွားမယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ဇန်နဝါရီလ ၁၂ ရက် ဒီနေ့ထုတ်ပြန်ရာမှာတော့… မိမိတို့အနေနဲ့ အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေကြောင်း၊ ပါတီစုံဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆက်ပြီးဆောင်ရွက်မယ့်အကြောင်း ပြောထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုဖြေရှင်းဖို့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံညှိနှိုင်းရေး၊ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးအပါအဝင် သဘောတူညီချက်ငါးရပ်ကို အာဆီယံက ချမှတ်ခဲ့တာ နှစ်နှစ်နီးပါးရှိပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က ဒီသဘောတူညီချက်တွေ အလေးထားလိုက်နာတာ မရှိတဲ့အပေါ် ကုလသမဂ္ဂနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာက ပြစ်တင်ရှုတ်ချနေကြတာ ဖြစ်ပါတယ်။