မြန်မာကို ပစ်ထားရင် စစ်ကောင်စီအတွက် ပိုအကျိုးရှိသွားမယ်လို့ အင်ဒိုနီးရှားပြော
2023.02.14

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့- အာဆီယံအနေနဲ့ မြန်မာအာဏာသိမ်းစစ်ကောင်စီကို ပစ်ပယ်မထားသင့်ကြောင်းနဲ့ အဲဒီလိုပစ်ပယ်ထားတာက မြန်မာစစ်ကောင်စီအတွက်သာ အကျိုးရှိသွားမှာ ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း Marty Natalegawa က သတိပေး ပြောဆိုလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမှာ တနင်္လာနေ့က ကျင်းပခဲ့တဲ့ အာဆီယံ - ဂျပန်ဆက်ဆံရေး နှစ် (၅ဝ)မြောက် အခမ်းအနားမှာ ပြောဆိုခဲ့တာပါ။
အာဆီယံဆွေးနွေးပွဲတွေကနေ မြန်မာကို ဖယ်ထုတ်ထားတဲ့အတွက် စစ်ကောင်စီက သူ့ရဲ့လုပ်ရပ်တွေကို အေးအေးဆေးဆေး ဆက်ပြီး လုပ်ဆောင်သွားနိုင်ခဲ့တာကို တွေ့မြင်ရမှာဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။
လက်ရှိအချိန်မှာ မြန်မာစစ်ကောင်စီကို အာဆီယံညီလာခံ တက်ရောက်ဖို့ မဖိတ်ကြားပေမယ့် ဖိတ်ဖို့လိုအပ်တယ်လို့ ထင်မြင်ကြောင်း၊ အဲဒီလို ဖယ်ကျဉ်ခံထားရတာက စစ်ကောင်စီအတွက် အေးဆေးတဲ့အခြေအနေတစ်ခုမှာ အဆင်ပြေနေတာဖြစ်ကြောင်း၊ သူတို့ကို ဝိုင်းပယ်လေလေ သူတို့အတွက် ပိုပြီး အဆင်ပြေလေလေ ဖြစ်နေကြောင်းလည်း Marty Natalegawa က ပြောပါတယ်။

ဒါ့အပြင် အာဆီယံအနေနဲ့ မြန်မာစစ်ကောင်စီကို အချက်ငါးချက်ပါ အာဆီယံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရေး နည်းလမ်းရှာဖို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း Marty Natalegawa က တိုက်တွန်းလိုက်ပါတယ်။