ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ လာမယ့် နိုဝင်ဘာလမှာ ပြုလုပ်မယ့် အကြိမ် (၄၀) နဲ့ (၄၁) ကြိမ်မြောက် အာဆီယံအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးပွဲတွေအတွက် စစ်ကောင်စီခေါင်းဆောင်ကို ကမ္ဘောဒီးယားဘက်က မဖိတ်ကြားဘူးလို့ ကမ္ဘာဒီယား နေ့စဉ်ထုတ် သတင်းစာ The Phnom Penh Post က အောက်တိုဘာ ၄ ရက် ဒီနေ့ ရေးသားထားပါတယ်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံအစည်းအဝေးမှာ ချန်လှပ်ထားကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးရာနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Chum Sunry က အတည်ပြုထားတယ်လို့ ရေးသားထားပါတယ်။
“ကျနော်တို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအားလုံးကို ဖိတ်ထားပြီးပါပြီ။ ဒါပေမဲ့ မြန်မာမပါပါဘူး။ မြန်မာနိုင်ငံက အစိုးရနဲ့ မသက်ဆိုင်တဲ့ ကိုယ်စားလှယ်တစ်ဦး တက်ရောက်ဖို့ ကျနော်တို့ ကမ်းလှမ်းထားပါတယ်”
အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော်ဆောင်ရာမှာ တိုးတက် မှုမရှိလို့ဆိုပြီး ကမ္ဘောဒီးယားအစိုးရအနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) အတွက်လည်း မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဖိတ်ကြားခြင်း မရှိခဲ့ပါဘူး။
အဲဒီအချိန်ကလည်း မြန်မာနိုင်ငံက အစိုးရမဟုတ်တဲ့ ကိုယ်စားလှယ်တစ်ဦးကိုသာ ကမ္ဘောဒီးယားအစိုးရက တက်ရောက်ခွင့်ပြုခဲ့ပါတယ်။
လာမယ့် အာဆီယံအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးပွဲတွေကို နိုဝင်ဘာ ၈ ရက်နေ့ ကနေ ၁၃ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။