အာဆီယံ ထိပ်သီးအစည်းအဝေးတက်ဖို့ မဆုံးဖြတ်ရသေးကြောင်း စစ်ကောင်စီပြော
အောက်တိုဘာလ ၂၆ ရက် မနက်ဖြန်မှာ စတင်ကျင်းပမယ့် အာဆီယံထိပ်သီး အစည်းအဝေးကိုတက်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်အဆင့် ရှိသူကို ဖိတ်ထားပေမယ့် တက်ဖြစ်/မတက်ဖြစ် မသေချာသေးဘူးလို့ စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
- 2021-10-25
-
-
-
အောက်တိုဘာလ ၂၆ ရက် မနက်ဖြန်မှာ စတင်ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ဖို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိသူကို ဖိတ်ထားပေမယ့် တက်ဖြစ်/မတက်ဖြစ် မသေချာသေးဘူးလို့ စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
“အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ပတ်သက်ပြီး ကျနော်တို့ရဲ့သဘောထားကို ထုတ်ပြန်ကြေညာပြီးဖြစ်ပါ တယ်၊ ဒီလိုမျိုး ထိပ်သီးအစည်းအဝေးမှာ နိုင်ငံ့ခေါင်းဆောင်တွေပဲ တက်ရမှာဖြစ်ပါတယ်၊ ကျနော်တို့ ပြောထားသလိုပဲ ဒါဟာ အာဆီယံစည်းမျဉ်းစည်းကမ်းတွေ ပြည်တွင်းရေး ဝင်မစွက်ဖက်ရေးမူတွေကို ချိုးဖောက်တာဖြစ်ပါတယ်၊ ဒီလိုမျိုးဆောင်ရွက်လာခြင်းဟာ ကျနော်တို့နိုင်ငံရဲ့ ရပ်တည်မှုနဲ့ အချုပ်အခြာ အာဏာနဲ့ ပတ်သက်ပြီး နှိမ့်ချပြီး ဆက်ဆံတယ်လို့လည်းမြင်ပါတယ်၊ ဒါကြောင့် တက်ဖို့ မတက်ဖို့ မသေချာသေးပါဘူး” ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာကျင်းပတဲ့ အာဆီယံထိပ်သီး အစည်းအဝေး ကနေ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်းဆောင် ရွက်ကြဖို့၊ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့ အဖြေတစ်ခုရအောင် သက်ဆိုင်သူအားလုံး အပြု သဘောဆွေးနွေးကြဖို့၊ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ အကူအညီနဲ့ ဆွေးနွေးရေးလုပ်ငန်းစဉ် အကောင် အထည်ဖော်နိုင်အောင် အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်တစ်ယောက်က ကြားဝင်ညှိနှိုင်းပေးဖို့၊ အာဆီယံအသင်းရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဌာနကတဆင့် မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့၊ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့ အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုစေလွှတ်ဖို့ ဆိုတဲ့ သဘောတူညီချက်တွေ ရရှိခဲ့တာပါ။
ဒါပေမဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ခန့်အပ်ထားတဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပြုတာ အပါအဝင် လုံလောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး စစ်တပ်ဆီက မရရှိတာကြောင့် မနက် ဖြန်ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တက်ရောက်ခွင့်မပြုဖို့ အာဆီယံက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
နိုင်ငံရေးနယ်ပယ်ကမဟုတ်သူကိုပဲ ဖိတ်ကြားမယ်လို့ အာဆီယံက ထုတ်ပြန်ကြေညာပြီးနောက်ပိုင်းမှာပဲ အခုလို စစ်ကောင်စီရဲ့ နိုင်ငံရေးခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်တစ်ဦးကို တက်ဖို့ ဖိတ်လာတာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ဟာ လုပ်ထုံးလုပ်နည်း နည်းဥပဒေတွေကို ကျော်လွန်ပြီး လုပ်ဆောင်ခဲ့တာဖြစ်လို့ လိုက်နာဆောင်ရွက်ဖို့ ခက်ခဲကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကနေ စာထုတ်ပြန်ပြီး ကန့်ကွက်ထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အာဆီယံနည်းလမ်းနဲ့အညီ သဘောထားကွဲလွဲမှုကို တိုင်ပင်ဆွေးနွေးတဲ့နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပေမယ့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး အာဆီယံစည်းလုံးမှုကို ထိခိုက်စေတဲ့ မူဘောင်ကျော်လွန်ဆောင်ရွက်မှုတွေကို လက်ခံမှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးကို အောက်တိုဘာလ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ဘရူနိုင်းနိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အဓိကထားဆွေးနွေးကြမှာဖြစ်ပါတယ်။