မြန်မာနိုင်ငံမှာ အရပ်သားတွေကို တိုက်ခိုက်တာရပ်ဖို့ အာဆီယံခေါင်းဆောင်တွေတိုက်တွန်း
2024.10.10

မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံး အကြမ်းဖက်မှုတွေလျှော့ချပြီး အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာတွေ ရပ်တန်းကရပ်ဖို့ အာဆီယံခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။
လာအိုနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးညီလာခံအတွင်း ထုတ်ပြန်တဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကြေညာချက်မှာ လက်နက်ကိုင် အင်အားစုတွေနဲ့ စစ်ကောင်စီလုံခြုံရေး အဖွဲ့တွေကို တိုက်တွန်းလိုက်တာလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အတွက် ငြိမ်းချမ်းတဲ့ အဖြေတစ်ရပ်ရှာဖို့ ကြိုးပမ်းချက်ကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်တွေက အောက်တိုဘာ ၁၀ ရက်က သဘောတူလိုက်ကြောင်းလည်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
ကြိုးပမ်းချက်တွေထဲ ပဋိပက္ခနဲ့ ပဋိပက္ခ ပိုကျယ်ပြန့်လာတဲ့ အကျိုးသက်ရောက်မှုတွေကို ကိုင်တွယ်ဖို့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေ၊ ကုလသမဂ္ဂအဖွဲ့တွေနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ရေးလည်း ပါဝင်ပါတယ်။
ထိုင်းနိုင်ငံကတော့ မြန်မာ့ပဋိပက္ခအဆုံးသတ်ရေးကြိုးပမ်းဖို့ ဒီဇင်ဘာမှာ အလွတ်သဘောညှိနှိုင်းရေးအတွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပဖို့ ကမ်းလှမ်းထားကြောင်း ဘန်ကောက်ပို့စ်သတင်းဌာနက အောက်တိုဘာ ၁၀ ရက်က ဖော်ပြပါတယ်။
ဒီအဆိုပြုချက်ကို လက်ရှိအာဆီယံဥက္ကဋ္ဌ လာအိုနဲ့ မလေးရှားနိုင်ငံတွေက ထောက်ခံတဲ့အတွက် အလွတ်သဘောညှိနှိုင်းပွဲ ဖြစ်မြောက်မယ်လို့ ယုံကြည်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောတယ်လို့ ဆိုပါတယ်။
လာအိုနိုင်ငံ ဗီယန်ကျင်းမှာ ကျင်းပတဲ့ အာဆီယံထိပ်သီး အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေး ပထမနေ့ အွန်လိုင်းက ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူက ဒီကမ်းလှမ်းချက်ကို ပြောကြားတာလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ ကမ်းလှမ်းချက်အပါအဝင် အာဆီယံခေါင်းဆောင်တွေရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။