အာဆီယံဒေသတွင်း အလုပ်သမားအခြေအနေတိုးတက်ရေး အခက်အခဲရှိ

ထိုင်းနိုင်ငံ၊ ရာဘာစက်ရုံတစ်ရုံအတွင်း လုပ်ငန်းခွင်မှ အလုပ်သမားတချို့အား ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။
ထိုင်းနိုင်ငံ၊ ရာဘာစက်ရုံတစ်ရုံအတွင်း လုပ်ငန်းခွင်မှ အလုပ်သမားတချို့အား ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)

ဒေသတွင်းမှာ အလုပ်သမားအခြေအနေ တိုးတက်ရေးအတွက် အခက်အခဲများစွာ ရင်ဆိုင်နေရတယ်လို့ အောက်တိုဘာ ၃၁ ရက်နေ့က ထုတ်ပြန်တဲ့ အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေး ပူးတွဲကြေညာချက်မှာ ဖော်ပြလိုက်ပါတယ်။

၁၃ ကြိမ်မြောက် အာဆီယံ Plus Three အလုပ်သမားဝန်ကြီးများအစည်းအဝေး ALMM+3 ကို စင်ကာပူမှာ ကျင်းပတာပါ။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ ၁၉၇၅ ခုနှစ် ဧပြီလမှာ ALMM အစည်းအဝေး စတင်ခဲ့ပြီး အဲဒီကာလကစလို့ အလုပ်သမားအခြေအနေ၊ အလုပ်အကိုင်ခန့်ထားရေး၊ ဒေသတွင်းက အလုပ်သမားအားလုံးရဲ့ယှဉ်ပြိုင်မှု စတာတွေမှာ အခက်အခဲတွေ ရင်ဆိုင်ရတယ်လို့ ဆိုပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား ကာလရှည်ကြာ ပူးပေါင်းဆောင်ရွက်တဲ့အတွက် လွန်ခဲ့တဲ့ နှစ်ငါးဆယ်အတွင်း အာဆီယံစီးပွားရေး အားကောင်းလာပြီး ကမ္ဘာမှာ ပဉ္စမမြောက်စီးပွားရေး အတောင့်တင်းဆုံးဖြစ်လာတယ်လို့ ပြောပါတယ်။

အာဆီယံအသင်းကို ၁၉၆၇ မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၁၉၈၇ မှာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ၁၉၉၇ ခုနှစ်ကမှ အာဆီယံ အဖွဲ့ဝင်ခဲ့တာဖြစ်ပါတယ်။