ဘုံသဘောတူညီချက် ငါးချက် အာဆီယံ ပြန်လည်သုံးသပ်မည်

RFA Burmese
2024.07.27
ဘုံသဘောတူညီချက် ငါးချက် အာဆီယံ ပြန်လည်သုံးသပ်မည် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့က တွေ့ရစဉ်။
Reuters

မြန်မာနိုင်ငံအကျပ်အတည်းကို ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့နည်းနဲ့ အဖြေရှာနိုင်ရေး အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ကို ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ်သွားမယ်လို့ အာဆီယံက ဇူလိုင် ၂၇ ရက်က ထုတ်ပြန်လိုက်ပါတယ်။

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာကျင်းပနေတဲ့ ၅၇ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီး ကြေညာချက်မှာ ဖော်ပြထားတာပါ။

ဒီဘုံသဘောတူညီချက် ငါးချက်က မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ အာဆီယံရဲ့ အဓိကရည်ညွန်းချက်အဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ ဒီ ငါးချက်ကို အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်သုံးသပ်ပြီးတဲ့နောက် ရရှိလာတဲ့အကြံပြုချက်တွေကို လာမဲ့ အောက်တိုဘာ ၈ ရက်နေ့ကနေ ၁၁ ရက်နေ့ အထိကျင်းပမဲ့ ၄၄ ကြိမ်နဲ့ ၄၅ ကြိမ်မြောက် အာဆီယံအစည်းဝေးပွဲတွေမှာ တင်ပြမှာဖြစ်ကြောင်း ပြောပါတယ်။

ဒီအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေက မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပြီး၊ ပဋိပက္ခတွေ တိုးမြင့်လာမှုနဲ့ လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေအပေါ် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့ကြပါတယ်။

အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန AHA Center က အမေရိကန်ဒေါ်လာ ၂ သန်းနီးပါးတန်ဖိုးရှိတဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့နိုင်ခဲ့တဲ့အတွက်လည်း တိုးတက်မှုအဖြစ် ကြိုဆိုခဲ့ကြပါတယ်။ အဲဒီထောက်ပံ့ပစ္စည်းတွေထဲမှာ ဆန်၊ ဆီ၊ ဆား စတဲ့ အစားအသောက်ပစ္စည်းတွေနဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။