ပြည်သူ့ကိုယ်စားပြု ခေါင်းဆောင်တွေကို မတွေ့လျှင် အာဆီယံအထူးသံခရီးစဉ် မအောင်မြင်နိုင်

2022.03.21
ပြည်သူ့ကိုယ်စားပြု ခေါင်းဆောင်တွေကို မတွေ့လျှင် အာဆီယံအထူးသံခရီးစဉ် မအောင်မြင်နိုင် အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။
Photo: Myanmar Military

အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်း (Prak Sokhonn) ဟာ သူ့ရဲ့ မြန်မာပြည် ပထမဆုံး ခရီးစဉ်အဖြစ် မတ်လ ၂၁ ရက် ဒီနေ့မနက်ပိုင်းမှာပဲ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကို ရောက်ရှိ လာပါတယ်။

 သူဟာ မတ်လ ၂၁ ရက်ကနေ ၂၃ ရက်ထိ မြန်မာနိုင်ငံမှာ နေထိုင်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဖို့ စီစဉ်ထားသလို နိုင်ငံရေးပါတီတချို့နဲ့ NLD ပါတီဝင်တစ်ဦးဖြစ်တဲ့ သမ္မတဟောင်း ဦးထင်ကျော်ရဲ့ဇနီး ဒေါ်စုစုလွင်ကို တွေ့ဆုံဖို့ စီစဉ်ထား ပါတယ်။

ဒါပေမဲ့ ဒေါ်စုစုလွင်က ပရက်ဆော့ခွန်းနဲ့တွေ့မယ့်အစီအစဉ်ကို ဒီကနေ့မွန်းလွဲပိုင်းမှာ ကျန်းမာရေး အကြောင်း ပြချက်နဲ့ ရုတ်တရက် ဖျက်သိမ်းလိုက်တယ်လို့ ဒေါ်စုစုလွင်နဲ့ နီးစပ်တဲ့ ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဒီကနေ့ညနေပိုင်းမှာ RFA ကို ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီနေ့မနက်ပိုင်း ပရက်ဆော့ခွန်း နေပြည်တော်ကို ရောက်ရောက်ချင်းမှာပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီဝန်ကြီးတွေနဲ့  တွေ့ဆုံခဲ့တယ်လို့ ချက်ချင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ၊ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင် အထည်ဖော်မှု အခြေအနေ၊ လူသားချင်းစာနာမှု အကူအညီရရှိရေးအခြေအနေနဲ့ အာဆီယံ-မြန်မာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီခရီးစဉ်ကို ကန့်ကွက်ထားတဲ့ GSCB အဖွဲ့ဝင် မန္တလေး သံဃသမဂ္ဂ ဆရာတော် အရှင်ရာဇဒမ္မက အာဆီယံအထူးသံဟာ  ပြည်သူ့ အသံကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်တွေကို တွေ့ဖို့ မကြိုးစားရင် ဒါဟာ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှု မဟုတ်ဘူးလို့ မိန့်ကြားပါတယ်။

ပြည်သူ့အသံကို ထပ်ဟပ်စေတဲ့ ပြည်သူ့ခေါင်းဆောင်ပေါ့နော်၊ ပြည်သူ့အစိုးရ (NUG) နဲ့ တွေ့ဆုံနိုင်ဖို့တွေ မပါဘူးပေါ့။ တိုင်းရင်းသား ခေါင်းဆောင်တွေလည်း မပါဘူး။ အဲဒီအတွက် လူထုအသံကို ထပ်ဟပ်စေနိုင်တဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံနိုင်မှာ မဟုတ်တဲ့အတွက် လုံးဝကို ပြောရရင် စစ်မှန်တဲ့တွေ့ဆုံမှုမျိုး မဖြစ်ဘူး ပေါ့နော်။ အဲဒီအတွက် ဦးပဉ္ဇင်းတို့က စာထုတ်လိုက် တာပေါ့။ သူ့ရဲ့ ဒီခရီးစဉ်အပေါ်မှာ ပြည်သူ့အသံကို လုံးဝထင်ဟပ်စေမှာ မဟုတ်ဘူး။ အဲဒီအတွက် ဘာမှလည်း အကျိုးထူးလာမှာ မဟုတ်ဘူး။ အဲဒါကြောင့် ဒီတွေ့ဆုံမှုတွေကို အယုံအကြည် မရှိဘူးပေါ့”

အာဆီယံနဲ့ အာဆီယံအထူးကိုယ်စားလှယ်ဟာ စစ်အုပ်စုရဲ့ ရက်စက်မှုတွေ ချက်ချင်းရပ်တန့်အောင် တိုက်တွန်းတောင်းဆိုဖို့ ပျက်ကွက်ခဲ့တာကြောင့် ဒီခရီးစဉ်ဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘော ထားနဲ့ အသံကို တန်ဖိုးမထား အသိအမှတ် မပြုရာရောက်တဲ့အတွက် ကန့်ကွက်ရှုတ်ချတာလို့ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အဖွဲ့ ၃၆ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ အထွေထွေသပိတ်ပေါင်းစပ် ညှိနှိုင်းရေးအင်အားစု (GSCB) ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အာဆီယံအထူးသံ ပရက်ဆော့ခွန်း နေပြည်တော်ကို ရောက်လာတဲ့ ဒီကနေ့မနက်ပိုင်းမှာတော့ စစ်ကိုင်းတိုင်း ကလေးမြို့က အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေက ဒီခရီးစဉ်ကို ကန့်ကွက် ဆန္ဒပြခဲ့ပြီး၊ ပြည်သူတွေကို ကိုယ်စားမပြုတဲ့ စစ်ကောင်စီကို အာဆီယံအဖွဲ့ကြီးက ဆန့်ကျင်ပြီး ဒီမိုကရေစီလိုလားသူတွေဘက်က ရပ်တည်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ပရက်ဆော့ခွန်းရဲ့ အခုခရီးစဉ်မှာ ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ၊ ဦးစိုင်းညွန့်လွင် ဦးဆောင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့အပြင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနဲ့ပါ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

သူတို့လိုပဲ တွေ့ဆုံဖို့ မူလကစီစဉ်ထားတဲ့ NLD ပါတီဝင် ရန်ကုန်တိုင်း သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင်ကတော့ ဒီကနေ့ မွန်းလွဲပိုင်းကျမှ ပရက်ဆော့ခွန်းနဲ့ တွေ့ဆုံဖို့ကိစ္စကို ရုတ်တရက် ဖျက်သိမ်းလိုက်တာပါ။

ဒေါ်စုစုလွင်ဘက်က ကျန်းမာရေးအကြောင်းပြချက်နဲ့ ရုတ်တရက် ဖျက်သိမ်းလိုက်တာ မှန်ကန် ကြောင်း အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက RFA ကို အတည်ပြုပြောဆိုထားပြီး ပရက်ဆော့ခွန်းနဲ့ ဒေါ်စုစုလွင်တွေ့ဆုံဖို့ စီစဉ်ခဲ့တာဟာ အစကတည်းက NLD ပါတီရဲ့ သဘောထား မဟုတ်ဘူးလို့ ပြောပါတယ်။

NLD အစိုးရသမ္မတဟောင်း ဦးထင်ကျော်ရဲ့ဇနီးဖြစ်သူ ဒေါ်စုစုလွင်ဟာ ကွယ်လွန်သူ NLD ဗဟို အလုပ်အမှုဆောင် ဦးလွင်ရဲ့ သမီးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း သုံးခွမြို့နယ် NLD ပါတီ ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိထားသူ ဖြစ်ပါတယ်။

NLD ပါတီရဲ့ ဗဟိုလုပ်ငန်းကော်မတီဝင် ဦးကျော်ထွေးကတော့ လက်ရှိအချိန်မှာ NLD ပါတီကို ကိုယ်စားပြုပြီး အထူးသံနဲ့ ဆွေးနွေးနိုင်တာဟာ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းသာရှိတယ်လို့ RFA ကို ပြောပါတယ်။

ဒီအာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ပဲပြောရမယ်ဆိုရင် ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေနဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာ ပါတာပေါ့။ အဲအထဲမှာ တကယ်ပြည်သူတွေကို ကိုယ်စားပြုတဲ့ ရွေး ကောက်ပွဲအနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ လက်ရှိ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်နေတုန်းမှာပဲ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ထားပြီးတော့ တွေ့ဆုံဆွေးနွေးပွဲလုပ်တဲ့ဟာက ဘာမှအကျိုးရှိမယ့် ကိစ္စမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတာကလွဲလို့ကတော့ အကျိုးရှိတဲ့အဖြေတွေ ဘာမှ ထွက်လာမှာမဟုတ်ပါဘူး”

ပရက်ဆော့ခွန်းဟာ စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ ပြည်သူ့ပါတီလို ရှမ်းတိုင်းရင်းသားဒီမိုကရေစီ အဖွဲ့ချုပ်လို နိုင်ငံရေးပါတီက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပေမယ့် လက်ရှိမြန်မာနိုင်ငံက ပြဿနာတွေ ဖြေရှင်းရာမှာ အရေးပါတဲ့ NLD ပါတီ ဒါမှမဟုတ် NUG တာဝန်ရှိသူတွေနဲ့ တွေ့ဖို့ မကြိုးစားတဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ထားပြီးတော့ တွေ့ဆုံဆွေးနွေးပွဲလုပ်တဲ့ဟာက ဘာမှအကျိုးရှိမယ့်ကိစ္ စမဟုတ်ပါဘူး"

အာဆီယံအထူးသံနဲ့ အာဆီယံဥက္ကဋ္ဌ ရုံးဟာ စစ်ကောင်စီ သဘောတူတဲ့သူနဲ့ပဲ တွေ့ရမယ်ဆိုတဲ့အပေါ် လိုက်နာနေတာဟာ စစ်ကောင်စီကို မျက်နှာသာပေးနေတာဖြစ်တယ်လို့ NLD ပါတီရဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးက ဝေဖန်ပါတယ်။

အာဆီယံဥက္ကဋ္ဌ ရုံးက နေပြည်တော်မှာရှိတဲ့ စစ်သွေးကြွ အကြမ်းဖက်ကောင်စီကို နည်းနည်းလေး မျက်နှာသာ ပေးတဲ့သဘော ရှိတယ်ဗျ။ မျက်နှာသာပေးတယ်ဆိုတာက သူတို့အလိုကျပေါ့ဗျာ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ဆိုရင် မတွေ့ဘူးတို့၊ သူတို့ သဘောတူတဲ့သူနဲ့ပဲ တွေ့ရမယ်ဆိုတဲ့ ပုံစံမျိုးပေါ့ဗျာ။ ဒါတွေက သတ်သတ်ကို လက်ရှိ အခြေအနေမှာ မြန်မာပြည်သူတွေအပေါ် အနိုင် ကျင့်နေမှုရဲ့ တစ်စိတ်တစ်ပိုင်း။ သူ့ရဲ့ လုပ်ရပ်ပါပဲ။ သိပ်တော့ ထူးထူးခြားခြားတော့ မဟုတ်ဘူးဗျ”

ဘာ့ကြောင့် ဒီခရီးစဉ်မှာ NUG ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်မပေးသလဲဆိုတာ သိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဒီကနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

မတ်လ ၁၈ ရက် သောကြာနေ့က မေးမြန်းရာမှာတော့ အာဆီယံအထူးသံကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ သူတွေနဲ့ တွေ့ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။

ငြိမ်းချမ်းရေးဆောင်ရွက်မှု ညှိနှိုင်းရေးကော်မတီနဲ့တွေ့ဖို့ ရှိတယ်။ ပြီးရင် EAO တွေနဲ့ တွေ့ပေးဖို့ ရှိပါတယ်။ တချို့ တွေ့ချင်နေတဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ပေးဖို့ရှိပါတယ်။ နိုင်ငံတော်ဝန်ကြီး ချုပ်နဲ့ တွေ့ဖို့ အစီအစဉ်ရှိတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ တွေ့ဖို့ရှိပါတယ်။ အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာထားတဲ့ သူတွေနဲ့တော့ ဘယ်အစိုးရမှ တွေ့ခွင့် မပေးပါဘူး။ ကျနော်တို့ မြန်မာနိုင်ငံအစိုးရ တစ်ရပ်တည်းမှ မဟုတ်ပါဘူး”

၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn ကို နေပြည်တော်တွင် တွေ့ရစဥ်။ (Photo: Myanmar Military)
၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn ကို နေပြည်တော်တွင် တွေ့ရစဥ်။ (Photo: Myanmar Military)

ပရက်ဆော့ခွန်းဟာ သူ့ရဲ့ခရီးစဉ်အတွင်း အကြမ်းဖက်မှုတွေ ရပ်တန့်ရေးကို ဦးစားပေး ဆောင်ရွက် သွားမယ်လို့ မြန်မာပြည်ခရီးစဉ်မတိုင်ခင် ရက်ပိုင်းအလို မတ်လ ၁၉ ရက်နေ့မှာ ဖနွမ်းပင်မှာရှိတဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ဆိုတာ လက်တွေ့မှာ ဖြစ်လာနိုင်မှာမဟုတ်သေးဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

တကယ်တမ်းရပ်တန့်ဖို့က State Holder အကုန်လုံးကို သူတွေ့နိုင်မှာလား။ အားလုံးကျေနပ်နိုင် တဲ့ လမ်းကြောင်းတစ်ခုကို သူဘယ်လောက်အထိ ချပြနိုင်မလဲ ဖော်ဆောင်နိုင်မလဲဆိုအပေါ်မှာ မူတည်လိမ့်မယ်။ ဒီအတိုင်း လက်ရှိအနေအထားအရဆိုရင်တာ့ အကြမ်းဖက်ရပ်တန့်ဖို့ဆိုတာ လာပြောတာပဲ ရှိလိမ့်မယ်။ ပြောတဲ့ဟာကို ကျန်တဲ့အဖွဲ့တွေက ဒီဟာလုပ်သင့်တယ်လို့ လက်ခံစရာ လုံလုံလောက်လောက် အကြောင်းပြချက်တော့ သူပေးနိုင်ဦးမှာမဟုတ်ဘူးလို့ ကျနော်မြင်တယ်”

မတ်လ ၂၁ ရက်ကနေ ၂၃ ရက်အထိ သုံးရက်ကြာမယ့် ပရက်ဆော့ခွန်းရဲ့ ခရီးစဉ်အတွင်း တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တာဝန်ရှိသူတွေနဲ့ ပေးတွေ့မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောနေပေမယ့် NCA လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ PPST အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ PPST နဲ့ ပရက်ဆော့ခွန်း တွေ့ဆုံမယ့်အစီအစဉ်ကို အချိန်မလုံလောက်တဲ့အတွက် ဖျက်သိမ်းလိုက်ရတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက RFA ကို ပြောထား ပါတယ်။

စစ်ကောင်စီ စီစဉ်ပေးတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကိုသာ အကန့်အသတ်နဲ့ တွေ့ခွင့်ရမယ့် ပရက်ဆော့ခွန်းရဲ့ ဒီခရီးစဉ်မှာ အကြမ်းဖက်မှုတွေရပ်တန့်ရေး ဦးစားပေးဆောင်ရွက်မယ်ဆိုတဲ့ သူ့ရဲ့ ပြောဆိုချက်ဟာ လက်တွေ့မှာ ဘယ်လောက်ထိရောက်မှု ရှိမလဲဆိုတာကို ပြည်တွင်းရော ပြည်ပမှာပါ စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။