အာဆီယံကိုယ်စားလှယ်ရဲ့ မြန်မာခရီးစဉ် ကန့်ကွက်ခံရ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn နေပြည်တော်မှာ  ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် တွေ့ဆုံစဉ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn နေပြည်တော်မှာ ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် တွေ့ဆုံစဉ် (Photo: Myanmar Military)

အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန် (Prak Sokhonn) ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ကန့်ကွက်ကြောင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ သပိတ်အဖွဲ့အစည်းပေါင်း ၃၆ ခုနဲ့ ဖွဲ့စည်းထားတဲ့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က မနေ့က ထုတ်ပြန်ပါတယ်။

အာဆီယံအပါအဝင် အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ စစ်အုပ်စုရဲ့ ရက်စက်မှုတွေအပေါ် ချက်ချင်းရပ်တန့် ရေး တိုက်တွန်းတောင်းဆိုဖို့ ပျက်ကွက်ခဲ့တာကြောင့် ဒီခရီးစဉ်ဟာ မြန်မာ ပြည်သူတွေရဲ့ ဆန္ဒသဘောထားနဲ့ အသံကို တန်ဖိုးမထား အသိအမှတ်မပြုရာရောက်တဲ့အတွက် ဒီခရီးစဉ်ကို ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန် ချက်မှာ ပါရှိပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာလည်း မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အာဆီယံ အထူး ကိုယ်စားလှယ်ရဲ့ ခရီးစဉ်ကို ကန့်ကွက်ကြောင်း ဒီနေ့ မနက်က ဆန္ဒပြခဲ့ကြပါတယ်။

ပြည်သူတွေကို ကိုယ်စားမပြုတဲ့ စစ်ကောင်စီကို အာဆီယံက ဆန့်ကျင်ပေးဖို့နဲ့ ဒီမိုကရေစီလိုလားသူဘက်က ရပ်တည်ပေးဖို့ တောင်းဆိုကြောင်းလည်း သပိတ်မှာ လိုက်ပါသူတွေက RFA ကို ပြောပါတယ်။

အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန် (Prak Sokhonn) နဲ့ အာဆီယံ အတွင်းရေး မှူးချုပ်တို့ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပြီဖြစ်ပြီး စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒီနေ့မနက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေအပြင် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည် ဖော်နေတဲ့ အခြေအနေ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေရရှိရေး ဆောင်ရွက်နေတာတွေ၊ အာဆီယံမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအခြေအနေတွေကို ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။