မြန်မာအမတ်တွေ တက်ရောက်မယ့်ကိစ္စ AIPMC ကန့်ကွက်
2011.08.10

(Photo: AFP)
AIPMC ခေါ် မြန်မာ့အရေး ဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့က မြန်မာအစိုးရ အနေနဲ့ နိုင်ငံတွင်းမှာ တိုင်းရင်းသားတွေနဲ့ စစ်မက် ပဋိပက္ခတွေ ဖြစ်ပွားနေချိန် အရေးပေါ် အခြေအနေတွေကို မျက်ကွယ်ပြုပြီး အာဆီယံ ဥက္ကဌဖြစ်ရေး ရည်မှန်းချက်ကို ဦးစားမပေးသင့်ဘူးလို့ ဂျာကာတာမြို့ AIPMC အဖွဲ့ရုံး အမှုဆောင် ညွှန်ကြားရေးမှူး Ms. Agung Putri က ပြောပါတယ်။
မြန်မာအစိုးရဟာ အာဆီယံ အဖွဲ့ထဲမှာ ယုံကြည် စိတ်ချရတဲ့ အဖွဲ့ဝင် ဖြစ်လာရေး အတွက် ကြိုးပမ်းနေပါတယ်။ အိုက်ပါ (AIPA) လို့ခေါ်တဲ့ အာဆီယံ လွှတ်တော်တွင်း ညီလာခံကို တက်ရောက်ဖို့ အခုလို ကြိုးပမ်းတာ ဟာလည်း ၂၀၁၄ ခုနှစ်မှာ အာဆီယံ ဥက္ကဌဖြစ်ရေး အတွက် တခြား အာဆီယံနိုင်ငံတွေရဲ့ ထောက်ခံ အားပေးမှု ရရှိအောင် ပထမဆင့် ကြိုးပမ်းasean ဆောင်ရွက်ချက်သာ ဖြစ်ပါတယ်။
ကချင်၊ ရှမ်းနဲ့ ကရင်ဒေသတွေမှာ စစ်မက် ပဋိပက္ခတွေ ဖြစ်ပွားနေချိန်၊ နိုင်ငံတွင်းက အရေးတကြီး ပြဿနာတွေကို အပူတပြင်း အဖြေရှာဖို့ အားမထုတ်ဘဲ၊ ကမ္ဘောဒီယားမှာ အိုက်ပါ ညီလာခံ သွားတက်မယ့်ကိစ္စဟာ မဖြစ်သင့်ပါဘူးလို့ AIPMC အဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး Ms. Agung Putri ပြောသွားပါတယ်။
ဖနွမ်းပင်မြို့မှာ စက်တင်ဘာ ၁၈ ရက်နေ့ ကနေ ၂၄ ရက်နေ့ အထိ ကျင်းပမယ့် ၃၂ ကြိမ်မြောက် အာဆီယံ လွှတ်တော်အမတ်များ ညီလာခံကို မြန်မာနိုင်ငံက လွှတ်တော်အမတ် ၁၇ ဦး တက်ရောက်မယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ အာဆီယံ လွှတ်တော်အမတ်များ ညီလာခံကို ပထမဆုံး တက်ရောက်ခွင့် ရရှိတာ ဖြစ်ပြီး၊ တက်ရောက်မယ့် ပါတီစုံက လွှတ်တော်အမတ် အားလုံးကို အကြောင်းကြားထားပြီး ဖြစ်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အမျိုးသား လွှတ်တော်အမတ် ဇေကမ္ဘာ ဦးခင်ရွှေက ပြောပါတယ်။
"ပါတီစုံ ပါပါတယ်။ မျှအောင်ဆိုပြီးတော့ NDF က ဦးကြီးမြင့်ပါမယ်။ ရခိုင်ပါတီကဆိုရင် ဒေါက်တာ အေးမောင် ပါတယ်။ တဆည အဖွဲ့က ဦး မောင်မောင်ညို၊ အဲဒီလို အကုန် အစုံ ခေါ်ထားပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ကျနော်ရယ်၊ ယုဇန ဦးဌေးမြင့်၊ ဦးခင်အောင်မြင့်။ နောက် ဒေါ်ရီရီမြင့်ဆိုတာ မွန်က တက်လာတာ တွေ့တယ်။ အာဆီယံ လွှတ်တော်ပေါ့၊ ပါလီမန် ဒီနှစ်မှ ကျနော်တို့ကို အသိအမှတ် စပြုတာပါ။ မနှစ်ကတော့ ဧည့်သည်အနေနဲ့ တက်ပြီး ဒီနှစ်မှ အသိအမှတ်ပြုတာပါ။"
အိုက်ပါ ညီလာခံတက်မယ့် မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ကို အမျိုးသား လွှတ်တော် နာယက ဦးခင်အောင်မြင့်က ဦးဆောင်မယ်လို့ သိရပါတယ်။