အာစီယံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး သတိပေး
2011.07.22

US Department of State
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ပြုလုပ်နေတဲ့ အာစီယံ ဒေသဆိုင်ရာ လုံခြုံရေးညီလာခံ မိန့်ခွန်းပြောရာမှာ မစ္စက်ကလင်တန်က အခုလို ပြောလိုက်တာပါ။ ဒါ့ပြင် မြန်မာကို အာစီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ပေးမယ်ဆိုရင် အဖွဲ့ကြီးရဲ့ ဂုဏ်သိက္ခာနဲ့ ဦးဆောင်မှု အခန်းကဏ္ဍ ကျဆင်း မသွားအောင် တာဝန်ယူနိုင် မယူနိုင်ဆိုတာကို အာစီယံအနေနဲ့ ထည့်သွင်း စဉ်းစားသင့်တယ် လို့လည်း ပြောပါတယ်။
မြန်မာ့အရေးဟာ အာစီယံအတွက် အဓိက ကိုင်တွယ် ဖြေရှင်းရမယ့် စိမ်ခေါ်မှုတခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
မြန်မာ အစိုးရ အနေနဲ့ ပြည်သူတွေရဲ့ ယုံကြည် ကိုးစားမှုနဲ့ နိုင်ငံတကာ အဝန်းအဝိုင်းရဲ့ လက်ခံ ယုံကြည်မှုကို ပြန်ရအောင် လုပ်မလား၊ ဒါမှမဟုတ် လက်ရှိ သွားနေတဲ့ ကျရံှုးမှု လမ်းကြောင်းကို ဆက်လိုက်မလား ဆိုတဲ့ ၂ ခုထဲက တခုကို ရွေးချယ်ဖို့သာ ရှိတော့ကြောင်းလည်း မစ္စက် ကလင်တန်က ပြောပါတယ်။
ဆက်လက်ပြီး မြန်မာအစိုးရရဲ့ ထွက်ပေါက် မရှိ ချောင်ပိတ်မိနေတဲ့ အနေအထားဟာ အာစီယံရဲ့ အနာဂတ်ကို ထိခိုက် လာစေနိုင်ကြောင်း၊ နိုင်ငံတကာ အဝန်းအဝိုင်းက လိုလား တောင်းဆိုနေတဲ့ အတိုင်း မြန်မာ အစိုးရ ဆောင်ရွက်လာရေး အတွက် စည်းရုံး ဆွဲဆောင်ရာမှာ အာစီယံ အဖွဲ့ရဲ့ အကူအညီ လိုအပ်ကြောင်း မစ္စက် ကလင်တန်က ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စက်ကလင်တန်ဟာ အာစီယံအစည်းအဝေးအတွင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံဖို့မရှိဘဲ၊ အာရှ-ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ကသာ အခုသီတင်းပတ်စောစောပိုင်းမှာ ဦးဝဏ္ဏမောင်လွင်ကို တွေ့ဆုံခဲ့ကြောင်း အမေရိကန် အရာရှိတွေက ပြောပါတယ်။