ဝိုင်းမော်မှာ လက်နက်ကြီးကြောင့် ခြောက်ဦး သေဆုံး၊ ၁၁ ဦး ဒဏ်ရာရ
2024.05.20

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ခတ်ချိုရွာကို မေလ ၂၀ ရက် နေ့လယ် ၁ နာရီခန့်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးတွေအပါအဝင် ဒေသခံခြောက်ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေက ကလေးသုံးဦး၊ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ဖြစ်တယ်လို့ ခတ်ချိုရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
"သေတာက ခြောက်ယောက်၊ ဒဏ်ရာရတာက ၁၁ ယောက် ဟုတ်တယ်။ သေတာနဲ့ ဒဏ်ရာရတာတွေက မိသားစုတွေ၊ ဆွေမျိုးတွေပေါ့။ လက်နက်ကြီးကျတာ နှစ်အိမ်မှာကျတာ။ ဒဏ်ရာရတဲ့သူတွေကလည်း ပြင်းထန်တယ်။ ဆေးရုံကို သွားလိုက်ကြပြီ"
မြစ်ကြီးနားမြို့ ကြက်ပေါက်ခြံရပ်ကွက်ထဲမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာလို့လည်း သူက ဆိုပါတယ်။
လက်ရှိမှာ ဒဏ်ရာရသူတွေကို မြစ်ကြီးနားဆေးရုံနဲ့ ၀ိုင်းမော်ဆေးရုံတွေထံ ခေါ်ဆောင်သွားပြီး ၀ိုင်းမော်ဆေးရုံမှာတော့ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ် တပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက မေလ ၁၈ ရက်နေ့ကစလို့ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။
စစ်ကောင်စီတပ်ကလည်း မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကြက်ပေါင်ခြံ ရပ်ကွက်နဲ့ ဝိုင်းမော်မြို့ ခလရ (၅၈) တို့ကနေ လက်နက်ကြီးတွေနဲ့ တိုက်ပွဲဖြစ်တဲ့နေရာတွေကို အဆက်မပြတ် ပစ်ခတ်နေပြီး ရပ်ရွာတွေထဲကို ကျရောက်ပေါက်ကွဲတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA က ရရှိထားတဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် ဇန်ဝါရီလကနေ မေလ ၂၀ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် ကချင်ပြည်နယ်မှာ အရပ်သား ရှစ်ဆယ်နီးပါး သေဆုံးခဲ့ပါတယ်။