သံတွဲနဲ့ မောင်တောမှာ လက်နက်ကြီးကြောင့် အရပ်သားခြောက်ဦး ဒဏ်ရာရ

RFA Burmese
2024.05.14
သံတွဲနဲ့ မောင်တောမှာ လက်နက်ကြီးကြောင့် အရပ်သားခြောက်ဦး ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းမှာ တွေ့ရစဉ်။
STR / AFP

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်နဲ့ မောင်တောမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သားခြောက်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက မေလ ၁၄ ရက်နေ့မှာ RFA ကို ပြောပါတယ်။

သံတွဲမြို့နယ်မှာတော့ ဘားဒေါင်းတောင်နဲ့ သူခိုးစမ်း တောင်ကြောပေါ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က မေလ ၁၃ ရက်နေ့မှာ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အောက်နတ်မော်ရွာက အသက် (၇၆) နှစ်အရွယ် ဒေါ်ကြွင်းတင်၊ အသက် (၄၅) နှစ်အရွယ် ဒေါ်မကြီးနဲ့ ကိုဖိုးသံလုံး ဒဏ်ရာရရှိခဲ့တာပါ။

မောင်တောမြို့နယ်မှာတော့ မေလ ၁၂ ရက်နေ့ ညနေပိုင်းမှာ မြို့သူကြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် သာယာကုန်းရွာနဲ့ ငွေတောင်ရွာက ကိုဇော်မင်းဦး၊ ကိုဘဝင်းနဲ့ နောက်ထပ် အမျိုးသားတစ်ဦးတို့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

သံတွဲမြို့နယ်မှာတော့ အောက်နတ်မော်ရွာအပါအဝင် ရွှေလှေ၊ နတ်တောင်မော်၊ ဇီးကုန်း စတဲ့ရွာတွေဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာ ငါးရက်ခန့်ရှိနေပြီလို့ သံတွဲဒေသခံတစ်ဦးက ပြောပါတယ်။

“သံတွဲမှာရှိတဲ့ တောင်တော်တော်များများမှာတော့ စစ်တပ်ကနေပြီးတော့ လက်နက်ကြီးတွေ ဆင်ထားတာလေ။ ဘယ်လောက်ကြာပြီလဲဆိုတာကိုတော့ မပြောတတ်ဘူး။ ဒါပေမဲ့ အဲဒီဘက်ကနေပစ်နေတာကတော့ လေး၊ ငါးရက်လောက်ရှိနေပြီ။ အောက်နတ်မော်ရွာဘက်မှာက ဘာမှမရှိဘူး။ တပ်လည်းမရှိဘူး။ AA လည်းမရှိဘူး။ မနေ့ကပဲ ဒဏ်ရာရတဲ့ သုံးယောက်လုံးကို သံတွဲဆေးရုံကို သယ်လာပါတယ်”

မောင်တောမြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်က မြို့အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်က တစ်ကျော့ပြန်တိုက်ပွဲ ခြောက်လနီးပါးအတွင်း လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ မြေမြှုပ်မိုင်းတွေကြောင့် သေဆုံးတဲ့အရပ်သား နှစ်ရာကျော်နဲ့ ဒဏ်ရာရသူ ခြောက်ရာနီးပါးအထိ ရှိလာပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

မဖော်လိုပါ
2024-05-14 21:24

ရေထားတဲ့ဆိုင်းပုဒ်က
ပြည်ထောင်စုမပြိုကွဲရေး
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
အချုပ်အခြာအာနာတည်တံ့ခိုင်မြဲရေးတဲ့
၃ခုမြောက်ကိုပဲ အဓိကလုပ်နေတဲ့အဖွဲ့အစည်းဆိုတာ
သိသာပါတယ်
ရေးသားတော့ ပြည်သူ့ဝန်ထမ်း တဲ့
အရေးတခြား
အပြောတခြား
အလုပ်တခြား ဖြစ်နေတယ်
ဘယ်နေရာမှာပြည်သူ့ဝန်ကိုထမ်းတာလည်း
နှ၀်ပေါင်းများစွာလွတ်လပ်ရေးရပြီးနောက်ပိုင်း
ပေါ်သမျှ သယံဇာတ မောင်ပိုင်စီးပြီး
အသိပညာ အတတ်ပညာ မျက်နှာဖုံးအုပ်ခံထားရတာများ ဘယ်မှာလည်း ဘာသာရေးသာသနာရေး
လူမှုရေး ကျမ်းမာရေး စီးပွားရေး ပညာရေး
အဖတ်ကိုမရှိအောင် ထုံးလိုမွေ ရေလိုနောက်နေတာက
ဆိုင်းဘုဒ်ပေါ်ရေးထားတဲ့ စာကိုရော
သေချာနားလည်ရဲ့လားလို့ပြန်မေးကြည့်စေခြင်ပါတယ်