စဥ့်ကူးမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အဝင်ကို တွေ့ရစဉ်။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အဝင်ကို တွေ့ရစဉ်။ (Citizen Journalist)

Updated 5:14 PM Feb 25, 2024

မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ရွာသာကျေးရွာထဲကို ဖေဖော်ဝါရီလ ၂၅ ရက် မနက် ခုနစ်နာရီကျော်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကလေးငယ် နှစ်ဦး သေဆုံးကာ အရပ်သား တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ထုံးကြီးရွာတောင်ဘက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ သုံးကြိမ် ပစ်ခတ်ခဲ့တာမှာ ရွာသာကျေးရွာထဲကို ကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

လက်နက်ကြီးကျည်စထိမှန်ပြီး အသက် ခြောက်နှစ်အရွယ်နဲ့ အသက် ၁၄ နှစ်အရွယ် ကလေး နှစ်ဦး နေရာမှာတင် သေဆုံးကာ အသက် ၄၀ ကျော် အမျိုးသမီး တစ်ဦး ခြေထောက်မှာ ဒဏ်ရာရခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ကလေးကတော့ အရင်းကနေ လက်ပြတ်ထွက်ပြီး နေရာမှာတင် သွေးထွက်လွန်ပြီး သေဆုံးတယ်။ အမျိုးသမီးကတော့ ခြေထောက်ပြတ်ထွက်သွားတယ်။ သွေးထွက်လွန်တော့ အခြေအနေ စိုးရိမ်ရတယ်လို့ သိထားပါတယ်။ ဒဏ်ရာရတဲ့သူကိုတော့ မန္တလေးဆေးရုံကို ဒီမနက် ၉ နာရီလောက်က ပို့လိုက်ပါပြီ"

ဒီအပြင် နေအိမ်နှစ်လုံး ပျက်စီးခဲ့ပြီး သေဆုံးထိခိုက်သူတွေရဲ့ အသေးစိတ် အချက်အလက်တွေကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ မန္တလေးတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကတော့ လုံခြုံရေးဆိုင်ရာကိစ္စတွေကို မသိဘူးလို့ ပြောပါတယ်။

RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁,၄၂၉ ဦး သေဆုံးပြီး ၂,၆၄၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

(မှတ်ချက်။ မူလသတင်းတွင် “စဥ့်ကူးမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ” အစား “စဉ့်ကူးမှာ လက်နက်ကြီးကြောင့် ကလေးနှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ”ဟု ပြင်ဆင်ရေးသားထားပါသည်။)