ဆိပ်ဖြူမှာ လက်နက်ကြီးကြောင့် အမြွှာကလေးနှစ်ဦး အပါအဝင် မိသားစုဝင် ငါးဦး သေဆုံး

RFA Burmese
2025.01.27
ဆိပ်ဖြူမှာ လက်နက်ကြီးကြောင့် အမြွှာကလေးနှစ်ဦး အပါအဝင် မိသားစုဝင် ငါးဦး သေဆုံး မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကင်မွန်းတောင့်ရွာတွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ဒေသခံ လေးဦးအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် တွေ့ရစဉ်။
Citizen Photo

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကင်မွန်းတောင့်ရွာကို ဇန်နဝါရီလ ၂၆ ရက်နေ့မှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ၅ နှစ်အရွယ် အမြွှာကလေးနှစ်ဦး အပါအဝင် မိသားစုဝင် ငါးဦး သေဆုံးပြီး နောက်ထပ် ဒေသခံသုံးဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သေဆုံးသူတွေဟာ ၅ နှစ်အရွယ် မောင်သုခမင်းနဲ့ မောင်သုခဝင်း၊ အသက် ၅၀ အရွယ် ဦးမြင့်နိုင်၊ အသက် ၅၅ နှစ်အရွယ် ဒေါ်သန်းနွဲ့နဲ့ အသက် ၈၀ အရွယ် ဒေါ်ရွှေကျင်တို့ ဖြစ်ကြပါတယ်။

ဒဏ်ရသူတွေကတော့ အသက် ၉ နှစ်အရွယ် မ၀ိုင်းပြည့်ဖူး၊ အသက် ၂၅ နှစ်အရွယ် ကိုဖိုးပိန်နဲ့ အသက် ၄၀ အရွယ် ဒေါ်မြင့်မြင့်စိုးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

"အမြွှာကလေးငယ် နှစ်ဦးကတော့ ယောက်ျားလေးတွေ ဖြစ်ပါတယ်။ ကျန်တဲ့ သုံးယောက်က အဲဒီကလေးတွေရဲ့ ဦးလေး၊ အဒေါ်နဲ့ အဘွားပါ။ ဘာတိုက်ပွဲမှလည်း မရှိပါဘူး။ သူတို့လက်နက်စက်ရုံနား မလာရဲအောင် ခြိမ်းခြောက်တဲ့အနေနဲ့ ပစ်ခတ်နေတာမျိုး ဖြစ်နိုင်ပါတယ်"

ကပစ (၂၂) နဲ့ ကင်မွန်းတောင့်ရွာဟာ ခုနစ်မိုင်ခန့် ကွာဝေးတယ်လို့ သူက ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ကလည်း ကပစ (၂၂) က ထွက်လာတဲ့စစ်ကြောင်းက ဆိပ်ဖြူမြို့နယ်၊ ဖက္ကနားရွာကို စီးနင်းမီးရှို့တာကြောင့် နေအိမ် ၃၇ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁,၇၆၉ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃,၇၂၀ ဦး ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။