ဆောမှာ လက်နက်ကြီးကြောင့် ဒေသခံလေးဦး ဒဏ်ရာရ

RFA Burmese
2024.03.26
ဆောမှာ လက်နက်ကြီးကြောင့် ဒေသခံလေးဦး ဒဏ်ရာရ မကွေးတိုင်း၊ ဆောမြို့တစ်နေရာကို တွေ့ရစဉ်။ (ယခင်ပုံဟောင်း)
Citizen Journalist

မကွေးတိုင်း၊ ဆောမြို့နယ်၊ စံရွာအနီး မတ်လ ၂၅ ရက် နေ့လယ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောမြို့နယ်၊ ကျောက်ထုမြို့အခြေစိုက် စစ်ကောင်စီအမြောက်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။ ဒါကြောင့် စံရွာက အသက် ၆၃ နှစ်အရွယ် ဦးအောင်ဝင်း၊ ဦးပေါအိုင်၊ အသက် ၃၆ နှစ်အရွယ် ကိုအောင်သူလင်းနဲ့ အမည်မသိ ခရီးသည်အမျိုးသားတစ်ဦးတို့ ဒဏ်ရာရရှိခဲ့တာပါ။

ကျောက်ထုမြို့နဲ့ လေးမိုင်အကွာ စံရွာအရှေ့ဘက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ နှစ်ကြိမ်တိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့လည်း ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဒီကအမြောက်တပ်ကနေ လက်နက်ကြီးနဲ့ လှမ်းထုတာ စံကျေးရွာအနီးကို ကျရောက်ပေါက်ကွဲပြီးတော့ စံကျေးရွာက ပြည်သူသုံးဦး ထိမှန်တယ်ပေါ့ဗျာ။ ခရီးသွားပြည်သူ ချင်းပြည်နယ်က တစ်ယောက် ခေါင်းကို ထိမှန်တယ်"

ဒဏ်ရာရသူတွေ ဆေးကုသမှုခံယူနေပြီး သူတို့ရဲ့လုံခြုံရေးအရ ဆေးကုသနေတဲ့နေရာကို မပြောနိုင်ဘူးလို့ ဆိုပါတယ်။

အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို ဖုန်းခေါ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ လ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၄၂၉ ဦး သေဆုံးပြီး ၂၆၄၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။