မုံရွာမြို့ လယ်ဇင်ရွာမှာ လက်နက်ကြီးကြောင့် ကလေးအပါအဝင် လေးဦး ဒဏ်ရာရ
2024.05.04

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းက လယ်ဇင်ရွာမြောက်ပိုင်းကို မေလ ၁ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံလေးဦး ဒဏ်ရာရခဲ့တယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။
အသက် ၇၀ အရွယ် ဒေါ်ကွန်း၊ အသက် ၄၀ အရွယ် ဒေါ်အေးသန်း၊ အသက် ၂၀ အရွယ် မခိုင်နဲ့ ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
ဒဏ်ရာရသူတွေထဲက ဒေါ်ကွန်းနဲ့ ဒေါ်အေးသန်းတို့ သားအမိနှစ်ဦးက ဒဏ်ရာပြင်းထန်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မုံရွာမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဒေါ်ကွန်းနဲ့ သူ့သမီး ဒေါ်အေးသန်းတို့က ဒဏ်ရာ တော်တော်ပြင်းထန်တယ်။ ဝမ်းဗိုက်ပေါက်တယ်၊ ဆီးအိမ်လည်း ထိသွားတယ်။ ဖြစ်တဲ့ညကတည်းက ဆေးရုံပို့ထားလိုက်ကြတာ။ အခုထိ အသက်လုနေရဆဲ အခြေအနေလို့ ကြားတယ်။ ကျန်တဲ့သားအမိကတော့ ကြီးကြီးမားမားဖြစ်တာ မရှိဘူး။ သူတို့က အိမ်ထဲဆိုတော့ ဗုံးအစစင်တာတော့ ရှိပါတယ်"
လက်နက်ကြီးကို လယ်ဇင်ရွာနဲ့ နှစ်မိုင်ကျော်အကွာ မုံရွာမြို့ပေါ် မအူစစ်ဆေးရေးဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေကပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
အိမ်ခြေလေးရာကျော်နဲ့ လူဦးရေတစ်ထောင်ကျော်ရှိတဲ့ အဲဒီရွာမှာ အာဏာသိမ်းသုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် ဒေသခံ ၁၃ ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံထားရသူ နှစ်ဆယ်ကျော်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၃ ရက်နေ့စာရင်းအရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းက အရပ်သား ငါးထောင်နီးပါး (၄၉၆၂ ဦး) သေဆုံးခဲ့ပါတယ်။