လားရှိုးမှာ လက်နက်ကြီးကြောင့် လေးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရ

RFA Burmese
2024.07.12
လားရှိုးမှာ လက်နက်ကြီးကြောင့် လေးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရ ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ လက်နက်ကြီးထိမှန်သေဆုံးခဲ့သူကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် လားရှိုးဆေးရုံသို့ ပို့ဆောင်စဉ်။
Facebook/ ပေးသောလက်

ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဇူလိုင် ၁၁ ရက်နေ့က လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲပြီး ခရစ်ယာန်ဘာသာရေးဆရာတစ်ဦး အပါအဝင် ပြည်သူလေးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

ရပ်ကွက် (၁) နဲ့ ရပ်ကွက် (၁၀) က အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့တာလို့ လားရှိုးမြို့မှာ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။

"မနေ့က သေတာ လေးယောက်၊ ဒဏ်ရာရတာက ခုနစ်ယောက် ရှိမယ်။ မနက်ပိုင်း တစ်ယောက်၊ ညပိုင်းက သုံးယောက် သေတာ။ ရပ်ကွက် (၁၀) ရွှေကျောက်ဂူမှာ နှစ်ယောက် သေတယ်။ မနေ့ညက ၁၀ နာရီဝန်းကျင်က ရပ်ကွက် (၁) နယ်မြေ (၈)မှာ ထိတာနှစ်ယောက်၊ တစ်ယောက် သေတယ်၊ တစ်ယောက် ဒဏ်ရာရတယ်။ ဓမ္မဆရာကတော့ မနက်ပိုင်း ထိတာ"

လားရှိုးမြို့အနီး တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ဇူလိုင်လ ၃ ရက်ကစလို့ ဇူလိုင်လ ၁၁ ရက်အထိ တစ်ပတ်ကျော်အတွင်း လားရှိုးမြို့မှာ လက်နက်ကြီးထိမှန်သေဆုံးသူ ၂၃ ဦး ရှိပြီး ဒဏ်ရာရသူ သုံးဆယ်ကျော်ရှိတယ်လို့ သူက ပြောပါတယ်။

နောက်ထပ် မြို့ခံတစ်ဦးကလည်း လားရှိုးမြို့အနီး တိုက်ပွဲတွေဆက်ဖြစ်နေပြီး အရပ်သားအများစုကတော့ အိုးအိမ်စွန့်ခွာသွားကြပြီလို့ ပြောပါတယ်။

"လက်နက်ကြီးသံတွေ အခုလည်းကြားနေရတယ်။ မနေ့ကလည်း လေယာဉ်နဲ့ လာပစ်တာတွေလည်းရှိတယ်။ မြို့ပတ်ပတ်လည်မှာ တိုက်ပွဲကတော့ ဆက်ဖြစ်နေတယ်။ အခုက ပြည်သူတွေ တော်တော်များများက ရှောင်သွားကြပြီ။ မြို့မှာ လူတွေက သိပ်မရှိတော့ဘူး"

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိတဲ့ လားရှိုးမြို့ကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။

တိုက်ပွဲအခြေအနေသိရဖို့ MNDAA ပြောခွင့်ရသူ လီကျားဝင်း (ခေါ်) ဦးကျော်နိုင်နဲ့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

လက်ရှိမှာ လားရှိုးမြို့ထဲ စစ်ကောင်စီတပ်က လုံခြုံရေးယူထားပြီး မြို့ပတ်ပတ်လည်ကနေ MNDAA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတာပါ။ ဒီထိုးစစ်ကို ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာလို့ ပူးပေါင်းအဖွဲ့တွေဘက်က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။