ကျောက်ကြီးမှာ လက်နက်ကြီးကြောင့် နှစ်ဦး သေ၊ လေးဦး ဒဏ်ရာရ

RFA Burmese
2024.07.02
ကျောက်ကြီးမှာ လက်နက်ကြီးကြောင့် နှစ်ဦး သေ၊ လေးဦး ဒဏ်ရာရ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နောင်ချိုရွာတွင် လက်နက်ကြီးကျည်ကျ‌ရောက်ပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူတစ်ဦးအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့က သယ်ဆောင်လာစဉ်။
Facebook/ တောင်ပိုင်းစစ်ဒေသ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းက မုန်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၅၉၀) တပ်ရင်းက ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တောင်းပိုင်းတိုင်း စစ်ဒေသက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးဟာ နောင်ချိုရွာထဲကို ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်တာမရှိဘဲ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အခု ထိခိုက်သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ တောင်ပိုင်းတိုင်း စစ်ဒေသက ထုတ်ပြောထားတာ မရှိပါဘူး။

ဇွန်လ ၂၅ ရက်နေ့နဲ့ ၂၉ ရက်နေ့တွေမှာတော့ ကျောက်ကြီးမြို့နယ်၊ သမင်အင်းကုန်းရွာထဲကို စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားလေးဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

ဇွန်လ ၂၈ ရက်နေ့ကလည်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးပစ်ခတ်မှုကြောင့် အရပ်သားခုနစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းသုံးနှစ်ကျော်အတွင်း တိုက်ပွဲတွေကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေမှာ လာရောက်ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် တစ်သန်းကျော်ရှိလာတယ်လို့ KNU ဗဟိုက ဇွန်လ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။