ကလေးမြို့နယ်မှာ လက်နက်ကြီးကြောင့် ကလေးခြောက်ဦး ဒဏ်ရာရ
2024.07.10

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း၊ လက်ပံချောင်းရွာမှာ ဇူလိုင်လ ၉ ရက်နေ့က စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ပံချောင်းရွာနဲ့ ငါးမိုင်ကျော်ဝေးတဲ့ ကလေးမြို့ အမှတ် (၁၀) တပ်မတော်တန်းမြင့်သင်တန်းကျောင်းကနေ နေ့လယ် ၁၁ နာရီကျော်လောက်မှာ လက်နက်ကြီးနဲ့ ငါးကြိမ်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
လက်ပံချောင်းရွာထဲက ဘော်ဒါဆောင် (ဟောင်း) အပေါ်ကို လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲပြီး အဲဒီဘေးအိမ်မှာ စာသင်နေတဲ့ အသက် ၉ နှစ်နဲ့ ၁၆ နှစ်ကြား ကလေးခြောက်ဦး လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရခဲ့တာ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ကလေးခြောက်ဦး ထိတယ်။ နဖူးထိတာက မိန်းကလေး ကိုးနှစ်၊ ပခုံးထိတာက ယောကျ်ားလေး ၁၂ နှစ်၊ ကျန်တဲ့ဟာလေးတွေက လက်နည်းနည်း ခြေထောက်နည်းနည်းပေါ့နော်။ ၁၆ နှစ်လောက် တစ်ယောက်က ဗိုက်ကိုမှ ဘယ်ညာထိတာ။ ဆရာနဲ့တွေ့တာ နည်းနည်းလေးမြန်သွားလို့။ မဟုတ်ရင် နေရာတင် ဆုံးလောက်တယ်"
ကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတာကြောင့်ဆိုပြီး စစ်ကောင်စီဟာ အဲဒီရွာတွေဘက်ကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိတယ်လို့ သူကပြောပါတယ်။
အိမ်ခြေ နှစ်ထောင်ကျော်ရှိတဲ့ လက်ပံချောင်းရွာဟာ ကလေးမြို့နဲ့ ၁၀ မိုင်ခန့်ဝေးပြီး ချင်းလူမျိူး အများစုနေထိုင်ကြပါတယ်။ လက်ရှိမှာတော့ စစ်ရေးအခြေအနေတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေသူတွေထဲက ရွာခံတစ်ဝက်လောက်သာ နေအိမ်တွေမှာ ပြန်လည်နေထိုင်ကြတာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။
မတ်လ ၁၄ ရက်နေ့ကလည်း လက်ပံချောင်းရွာမှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ သုံးနှစ်ကျော်အတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား နှစ်ထောင်နီးပါး (၁၉၄၂ ဦး) သေဆုံးခဲ့ပြီး ဒဏ်ရာရသူကတော့ လေးထောင်နီးပါး (၃၈၆၆ ဦး) အထိရှိနေပါတယ်။