ဖလမ်းမှာ လက်နက်ကြီးကြောင့် ကျောင်းဆရာမတစ်ဦး သေဆုံး
2024.10.28

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တလန်လိုရပ်ကွက်မှာ အောက်တိုဘာလ ၂၈ ရက်နေ့က စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အဲဒီရပ်ကွက်မှာနေထိုင်တဲ့ ကျောင်းဆရာမတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ည ၉ နာရီဝန်းကျင်မှာ အသက် ၃၈ နှစ်အရွယ် ကျောင်းဆရာမ ဒေါ်ဗန်ကျဲကျင့် (Van Cer Cin) ရဲ့ နေအိမ်ပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
ဖလမ်းမြို့ အောက်ပိုင်းမှာ အောက်တိုဘာလ ၂၅ ရက်နေ့ကစလို့ ၂၇ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့ သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အရပ်သားထိခိုက်မှုတွေလည်းရှိနေသလို တိမ်းရှောင်နေကြသူတွေလည်း ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"မနေ့က လက်နက်ကြီး နှစ်ကြိမ်လောက် ပစ်တာကြားရတယ်။ မြို့ထဲကလူတွေ အများဆုံးက ထွက်ပြေးကြတယ်။ တချို့တော့ ကျန်သေးတယ်။ တိုက်ပွဲပြင်းထန်လာရင်တော့ အားလုံးထွက်ပြေးဖို့ ပြင်နေကြတယ်"
အောက်တိုဘာလ ၂၅ ရက်နေ့မှာ အမျိုးသားနှစ်ဦးနဲ့ ၂၆ ရက်နေ့မှာ တောင်ယာမှာ စိုက်ပျိုးရေးလုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသမီးတစ်ဦးတို့ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒဏ်ရာရခဲ့တယ်လို့ သူကပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ဟားခါးမြို့မှာလည်း အောက်တိုဘာလ ၂၈ ရက်နေ့က စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ မြို့သစ်ရပ်ကွက်က နေအိမ်တွေအနီးမှာ ကျရောက်ပေါက်ကွဲတကြောင့် အရပ်သားလေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။