လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ရွှေဘိုဒေသခံနှစ်ဦး သေဆုံး
2024.02.03

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ကျားရွာအတွင်းကို လက်နက်ကြီး နှစ်လုံး ကျရောက်ပေါက်ကွဲတာကြောင့် ကလေးတစ်ဦး အပါအဝင် အရပ်သားနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဖေဖော်ဝါရီလ ၃ရက်နေ့ မနက် ၁ နာရီကျော်မှာ စစ်ကောင်စီတပ်ရဲ့ ရွှေဘိုလေ့ကျင့်ရေး-၈ အတွင်းကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီး ကျားရွာအတွင်းကို လက်နက်ကြီးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
ပေါက်ကွဲမှုကြောင့် အသက်ဆယ်နှစ်ဝန်းကျင်အရွယ် မိန်းကလေးတစ်ဦးနဲ့ အသက်လေးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့တာပါ။
သူတို့ဟာ သားအဖနှစ်ဦးဖြစ်ပြီး အိမ်မှာညအိပ်နေတုန်း လက်နက်ကြီးကျည်ထိမှန်ခဲ့တာလို့ ရွှေဘိုမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
"သေဆုံးသွားတာက သားအဖနှစ်ဦးပါ။ အိပ်မောကျနေတုန်း လက်နက်ကြီး သူတို့အိမ်ဘေးကျရင်း ပေါက်ကွဲပြီး နေရာမှာတင် ဆုံးသွားကြတာ"
သေဆုံးသူတွေရဲ့ နာမည်တွေကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ဆယ်ကြိမ်မက ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။ ဒီပစ်ခတ်မှုကြောင့် ကျားရွာကလူ ခုနစ်ရာနီးပါးလည်း ဖေဖော်ဝါရီလ ၃ရက်ကစပြီး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းတိုင်းပြောခွင့်ရသူ ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာမရှိပါဘူး။
RFA က ပြုစုထားတဲ့စာရင်းတွေအရ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်အထိ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၄၂၉ ဦး သေဆုံးပြီး ၂၆၄၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။