ငါးလအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ခုနစ်ရာခန့် သေဆုံး

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် နတ်လောင်းကျေးရွာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးနေသည့် နေအိမ်တစ်လုံးအား ၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် နတ်လောင်းကျေးရွာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးနေသည့် နေအိမ်တစ်လုံးအား ၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။ (Facebook/ 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻)

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ မေလကုန်အထိ ငါးလအတွင်း RFA က ပြုစုထားတဲ့စာရင်းအရ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သားခုနစ်ရာခန့်သေဆုံးပြီး ၁၅၀၀ ခန့် ဒဏ်ရာရခဲ့ပါတယ်။

ငါးလအတွင်း စုစုပေါင်းသေဆုံးသူ ၆၆၂ ဦးရှိခဲ့ပြီး ဒဏ်ရာရသူက ၁၄၉၂ ဦး ရှိပါတယ်။

သေဆုံး၊ ဒဏ်ရာရသူတွေဟာ စစ်ဘေးဒုက္ခသည်စခန်းတွေ၊ ကျေးရွာတွေနဲ့ တောင်ယာတွေထဲမှာရှိနေချိန် လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကို ခံခဲ့ရတာပါ။

ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေကတော့ ဒီတိုက်ခိုက်မှုတွေကို စစ်ကောင်စီတပ်က ကျူးလွန်ခဲ့တာလို့ ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း စစ်ကောင်စီတပ်ဟာ သူတို့ရဲ့ တပ်စခန်းတွေနဲ့ ထိန်းချုပ်နယ်မြေတွေ အသိမ်းခံရချိန်မှာ လေကြောင်းနဲ့ လက်နက်ကြီးကို အလွန်အကျွံသုံးစွဲပြီး တုံ့ပြန်ခဲ့တာလို့ ပြောကြပါတယ်။

ဒီပြောဆိုမှုတွေအပေါ် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ တစ်စုံတစ်ရာ တုံ့ပြန်ဖြေဆိုခြင်း မရှိပါဘူး။

RFA ရဲ့စာရင်းအရ စစ်တပ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်၊ မေလကုန်အထိ သုံးနှစ်ကျော်အတွင်း လေကြောင်းနဲ့လက်နက်ကြီးကြောင့် အရပ်သားနှစ်ထောင်ခန့် (၁၉၄၂ ဦး) သေဆုံးခဲ့ပြီး လေးထောင်ခန့် (၃၈၆၆ ဦး) ဒဏ်ရာရခဲ့ပါတယ်။