ကော့ကရိတ်မှာ လက်နက်ကြီးကြောင့် အရပ်သား ခုနစ်ဦးဒဏ်ရာရ

RFA Burmese
2023.07.20
ကော့ကရိတ်မှာ လက်နက်ကြီးကြောင့် အရပ်သား ခုနစ်ဦးဒဏ်ရာရ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ပိုင်း၊ ဆံဖလားရွာစာသင်ကျောင်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် တွေ့ရစဉ်။
KIC

ကရင်ပြည်နယ်၊ ကောကရိတ်မြို့ပေါ်မှာ ဇူလိုင်လ ၁၉ ရက်နေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း နေအိမ်တွေပေါ် လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ကောကရိတ်မြို့ခံတွေက ပြောပါတယ်။

ကောကရိတ်မြို့ အမှတ် (၁)၊ အမှတ် (၂) နဲ့ အမှတ် (၇) ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်နဲ့ ကရင်မျိုးသားအစည်းအရုံး (KNU) ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့တာပါ။

ဒီတိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် အမှတ် (၇) ရပ်ကွက်က အသက် ၅၃ နှစ်အရွယ် ဦးရူပါ၊ အသက် ၄၀ အရွယ် ဦးဝင်းထိန်၊ အသက် ၂၉ နှစ်အရွယ် ဦးဝင်းကိုလှိုင်၊ အသက် ၃၀ အရွယ် မအေးသန္တာလှိုင်နဲ့ နောက်ထပ်အမည်မသိရသေးသူ သုံးဦး၊ စုစုပေါင်း ခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲပြင်းထန်ချိန် လက်နက်ကြီးကျတာဖြစ်ပြီး ဘယ်အဖွဲ့အစည်းဘက်က ပစ်တယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ကောကရိတ်မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

"အိမ်ပေါ်တွေ လက်နက်ကြီးကျတာပေါ့။ တိုက်ပွဲဖြစ်နေတော့ သူပစ်၊ ကိုယ်ပစ် ဆိုတော့လေ ဘယ်ကပစ်မှန်း အတည်ပြုလို့မရဘူး။ ဒဏ်ရာပြင်းတဲ့သူတွေကို မနေ့က ညနေပိုင်း ဘားအံဆေးရုံကို ပို့လိုက်တယ်လို့ကြားတယ်။ နည်းနည်းပဲထိတဲ့သူတွေတော့ ကော့ကရိတ်ဆေးရုံမှာပဲ ကုပေးနေတယ်။ လက်ရှိမှာတော့ တိုက်ပွဲက ရပ်သွားပြီ"

ဒီကိစ္စနဲ့ ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တာဝန်ရှိသူတွေကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလိုင်းအခြေအနေကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရ ဦးစောခင်မောင်မြင့်ကတော့ အစည်းအဝေး ရှိနေတဲ့အတွက် ဖြေဆိုဖို့ မအားလပ်သေးကြောင်း ပြောဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုရဲ့ ဇူလိုင်လ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လကုန်ထိ ခြောက်လအတွင်း KNU ထိန်းချုပ်နယ်မြေမှာ တိုက်ပွဲကြီးငယ်ပေါင်း ၂၄၉၅ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။