ထန်းတပင်မှာ လက်နက်ကြီးကြောင့် လေးဦးသေ၊ သုံးဦးဒဏ်ရာရ

RFA Burmese
2024.05.14
ထန်းတပင်မှာ လက်နက်ကြီးကြောင့် လေးဦးသေ၊ သုံးဦးဒဏ်ရာရ စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် သေဆုံးသွားသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ မေလ ၁၄ ရက်နေ့ကတွေ့ရစဥ်။
KNU

ပဲခူးတိုင်း ထန်းတပင်မြို့နယ် ရွာလေးကုန်းရွာကို စစ်ကောင်စီတပ်က မေလ ၁၃ ရက်နေ့ ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သား လေးဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။

ဇရပ်ကြီးရွာအခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၇၃ ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာမှာ ရွာလေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သားတွေ ထိခိုက်သေဆုံးရတာလို့ KNU က ပြောပါတယ်။

သေဆုံးသူတွေက အသက် ၈၄ နှစ်အရွယ် ဦးကျော်စိန်၊ အသက် ၅၂ အရွယ် ဒေါ်ဌေးရီ၊ အသက် ၄၉ နှစ်အရွယ် ဦးဌေးနိုင်နဲ့ အသက် ၁၈ နှစ်အရွယ် မအိဖူးသော်တို့ဖြစ်ပြီး နောက်ထပ်ကျေးရွာသား သုံးဦးကတော့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

မေလ ၅ ရက်နေ့ကလည်း ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်အတွင်းက လူနေရပ်ရွာတွေထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်လို့ ကလေးတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲလက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မတ်လအထိ သုံးလအတွင်းမှာ သေဆုံးသူ ၃၉၇ ဦးရှိခဲ့ပြီး ဒဏ်ရာရသူက ၈၈၉ ဦးအထိ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။