KNU နယ်မြေမှာ လေးရက်အတွင်း လက်နက်ကြီးကြောင့် တစ်ဦးသေ၊ ခုနစ်ဦးဒဏ်ရာရ
2023.10.07

စစ်ကောင်စီတပ်က ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အောက်တိုဘာလ ၁ ရက်ကနေ ၄ ရက်နေ့အထိ အရပ်သားတစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
KNU ဗဟိုရဲ့ သတင်းထုတ်ပြန်ချက်တွေအရ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် အတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ နေ့တိုင်းပစ်ခတ်နေတာပါ။
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့မှာ စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ-၃၀၇ က အောက်တိုဘာလ ၄ ရက် နေ့လယ် ၂ နာရီက လက်နက်ကြီးကျည် သုံးလုံးပစ်ခတ်ခဲ့လို့ ဗမာငတိုးခင်ကျေးရွာက အသက် ၅၄ နှစ်အရွယ် မဝင်းမြင့် သေဆုံးခဲ့ပြီး အသက် ၅၀ အရွယ် မမြင့်စန်း ဒဏ်ရာ ရရှိခဲ့ပါတယ်။
အဲဒီနေ့ညနေ ၇ နာရီဝန်းကျင်မှာပဲ ရွေကျင်မြို့နယ် ပိန်းဇလုပ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ-၂၆၄ က ၁၂၀ မမ လက်နက်ကြီး ခုနစ်လုံး ပစ်ခတ်ခဲ့လို့ ရေဖြူကန်ကျေးရွာက အသက် ၅၀ အရွယ် မသီတာဝင်းနဲ့ မသီတာဝင်းရဲ့အမေဖြစ်သူ အသက် ၇၀ အရွယ် ဖွားကွန်တို့နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ မုန်းမြို့မှာပဲ အောက်တိုဘာလ ၂ ရက် ည ၉း၃၀ မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်တစ်လုံး ငတိုးခင်ရွာထဲ ကျရောက်ပေါက်ကွဲပြီး အသက်ကိုးနှစ်အရွယ် နော်နီလာထွေးနဲ့ အသက် ၄၆ နှစ်အရွယ် တီးဇော်မင်း တို့နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာတော့ ခြေလျင်တပ်ရင်း ခလရ-၉၇ က အောက်တိုဘာလ ၃ ညပိုင်းက ပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကျည်ဟာ အံဖကြီးကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၅၆ နှစ်အရွယ် ဒေါ်မယ်တင်အေး ဒဏ်ရာ ရရှိခဲ့ပါတယ်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာတော့ အောက်တိုဘာလ ၁ ရက် မနက် ၁ နာရီအချိန်မှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကျည်ဟာ လေးကေကျေးရွာ ဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုကြောင့် အသက် ၂၈ နှစ်အရွယ်ရှိ ခြေတစ်ဖက်မသန်စွမ်းသူ စောပုတု ဒဏ်ရာရရှိခဲ့ပါတယ်။
အရပ်သားသေဆုံးထိခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်ရဲ့ စက်တင်ဘာလ ၂၆ ရက်ထုတ် အစီရင်ခံစာအရ အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကုန်အထိ စစ်ကောင်စီတပ်က KNU နယ်မြေအတွင်း လက်နက်ကြီးနဲ့ ၁၁၇၈ ကြိမ်ပစ်ခတ်ခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုတွေကြောင့် အရပ်သား ၈၈ ဦး သေဆုံးပြီး ၃၄၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။