လူမျိုးတုံးသတ်ဖြတ်မှု အမေရိကန် သတ်မှတ်ချက် ARSA အဖွဲ့ ကြိုဆို

ရိုဟင်ဂျာတွေဟာ မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ခံနေရတယ်လို့ အမေရိကန်ပြည်ထောင်စုက သတ်မှတ်လိုက်တာကို ကြိုဆိုကြောင်း ARSA ခေါ် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်က မတ်လ ၂၃ ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
အရပ်သား အစိုးရတွေ အပါအဝင် မြန်မာအစိုးရ အဆက်ဆက်က ရိုဟင်ဂျာတွေကို လူမျိုးတုံးစေဖို့ လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ရိုဟင်ဂျာအရေးကို ထောက်ခံတဲ့နိုင်ငံတွေ၊ အဖွဲ့အစည်းတွေကို အသိအမှတ်ပြုကြောင်းနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို သက်သေအထောက်အထား ရှာဖွေပေးကြတဲ့ အဖွဲ့အစည်းတွေ၊ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေကိုလည်း အသိအမှတ်ပြုတယ်လို့ ARSA အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမဆန်တဲ့ ပြစ်မှုကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ နိုင်ငံတကာအသိုင်းအဝန်းကို တိုက်တွန်းတယ်လို့လည်းဆိုပါတယ်။
ရိုဟင်ဂျာတွေဟာ ကိုယ့်ရဲ့ရခိုင်ဒေသမှာ အရင်ကတည်းက ရှိခဲ့တဲ့ တိုင်းရင်းသားအဖြစ် လုံခြုံစိတ်ချမှုနဲ့ ပြန်နေနိုင်ရေး နိုင်ငံတကာ အသိုင်းအဝန်းက အားပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
သန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အခန်းကဏ္ဍကိုလည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ မမေ့ဖို့နဲ့ နိုင်ငံတကာကလည်း ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ရိုဟင်ဂျာအရေးဆောင်ရွက်မှုတွေကို အားပေးရလိမ့်မယ်လို့ ARSA အဖွဲ့ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ARSA အဖွဲ့ကို အရင် NLD အစိုးရလက်ထက်ကတည်းက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတာပါ။
မြန်မာစစ်တပ်က လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ အမေရိကန် အစိုးရရဲ့ ကြေညာချက်ဟာ မမှန်ကန်တဲ့ အချက်အလက်တွေကို ကိုးကားဆုံးဖြတ်ခဲ့တယ်ဆိုပြီး အာဏာသိမ်း စစ်ကောင်စီဘက်က ကန့်ကွက်ထားပါတယ်။