ARSA တိုက်ခိုက်မှုကြောင့် လုံခြုံရေးတိုးမြှင့်ထားကြောင်း တပ်မတော်ပြော


2019.04.23
arsa-mine-622.jpg ARSA အဖွဲ့ မိုင်းဆွဲရာတွင် အသုံးပြုခဲ့တဲ့ ဆက်စပ်ပစ္စည်းတွေကို တွေ့ရစဉ်
Photo: MOI

မနေ့က မောင်တောမြို့နယ်မှာ လုံခြုံရေးဆောင်ရွက်ဖို့ ထွက်ခွာလာတဲ့ ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒီနေ့ထုတ်အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

အဲဒီမော်တော်ယာဉ်ဟာ မောင်တောမြို့နယ် တောင်ပြိုနယ်မြေရုံးကနေ ကြိမ်ချောင်းနယ်မြေရုံးကို လုံခြုံရေးလိုက်ပါဆောင်ရွက်တဲ့ ရဲတပ်ဖွဲ့ပိုင်မော်တော်ယာဉ်ဖြစ်တယ်လို့ သိရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မောင်တောမြို့နယ် တောင်ပြို၊ ငါးခူရ၊ ကြိမ်ချောင်းနယ်မြေရုံးတို့က တပ်ဖွဲ့ဝင်အချို့ကို မော်တော်ယာဉ်နဲ့ တောင်ပြိုနယ်မြေရုံးကနေ ကြိမ်ချောင်းနယ်မြေရုံးကို ပို့ဆောင်စဉ် ARSA အဖွဲ့နှစ်ဖွဲ့က တောင်ကုန်းပေါ်ကနေ ဆွဲမိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲဒီလိုတိုက်ခိုက်မှုတွေကြောင့် ယာဉ်မောင်း ဒုတပ်ကြပ် ရှိုင်းထက်အောင် မျက်လုံး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ARSA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်တာကြောင့် လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖဲ့ွက ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။