ရန်ကုန်က ဖမ်းဆီးခံသတင်းထောက်တွေ ပြန်မလွတ်သေး

ရန်ကုန်မြို့မှာ သတင်းယူရင်း ဖမ်းဆီးခံထားတဲ့ သတင်းထောက်တွေကို ပုဒ်မတပ်ပြီး အရေးယူဖွယ်ရှိတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေထဲမှာ သတင်းထောက်တင်မကဘဲ ကင်မရာကိုင်တဲ့သူ မှန်သမျှကို ပြန်မလွှတ်ပေးဘဲ စစ်ဆေးမေးမြန်းတာတွေလုပ်နေတာလို့ ဖမ်းဆီးခံထားရသူတွေ အရေးဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်စိုးက RFA ကို ပြောပါတယ်။
Myanmar Now က မကေဇွန်နွေး၊ ဆဲဗင်းဒေး သတင်းစာက ကိုအောင်ရဲ၊ AP သတင်းဌာနက ကိုသိန်းဇော်၊ MPA က ကိုရဲမျိုးခန့်၊ ဇီးကွက် သတင်းဌာနက ကိုဟိန်းပြည့်ဇော် တို့ဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့က သတင်းရယူနေစဉ် ဖမ်းဆီးခံခဲ့ရပြီး ဒီနေ့အထိ ပြန်မလွှတ်သေးဘဲ အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနေ့က အလွတ်တန်းသတင်းထောက် မရှင်မိုးမြင့်၊ ချွန်းဂျာနယ်က ကိုကျော်နေမင်း တို့ ထပ်မံဖမ်းဆီးခံထားရပြီး ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာ မသိရသေးပါဘူး။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ဖမ်းဆီးခံလိုက်ရတဲ့ သတင်းထောက် ၂၅ ဦးရှိခဲ့ပြီး အဲဒီထဲက တချို့ဟာ ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့် ရန်ကုန်က သတင်းထောက် ၇ ဦးနဲ့ ပုသိမ်က သံတော်ဆင့်သတင်းထောက် ကိုရဲရင့်ထွန်း၊ မော်လမြိုင် ရာမညတိုင်းက ကိုလင်းထွန်း စုစုပေါင်း သတင်းထောက် ၉ ဦးကတော့ ဒီနေ့အထိ ပြန်မလွတ်သေးပါဘူး။