ထီးချိုင့်မြို့မှာ NUG သင်ရိုးနဲ့ စာသင်တဲ့ ဆရာမနှစ်ဦး အဖမ်းခံရ

စစ်ကိုင်းတိုင်းတစ်နေရာမှာ စစ်ဘေးဒုက္ခသည် ကလေးငယ်များအား NUG သင်ရိုးညွှန်းတမ်းနှင့်သင်ကြားပေးတဲ့ စာသင်ကျောင်းတစ်ကျောင်းရဲ့ ဆုပေးပွဲနှင့် စုံညီပွဲတော်ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့က ကျင်းပစဉ်
စစ်ကိုင်းတိုင်းတစ်နေရာမှာ စစ်ဘေးဒုက္ခသည် ကလေးငယ်များအား NUG သင်ရိုးညွှန်းတမ်းနှင့်သင်ကြားပေးတဲ့ စာသင်ကျောင်းတစ်ကျောင်းရဲ့ ဆုပေးပွဲနှင့် စုံညီပွဲတော်ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့က ကျင်းပစဉ် (Photo: Citizen Journalist)

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်၊ လှယ်မှီးရွာ အလယ်တန်းကျောင်းက ကျောင်းဆရာမနှစ်ဦး ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သင်ရိုးညွှန်းတမ်းတွေအတိုင်း စာသင်ကြား နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဇူလိုင်လ ၅ ရက် ဒီနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က အင်အား ၇၀ ကျော်ပါတဲ့ စစ်ကြောင်းက လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားပြီး ဇူလိုင်လ ၃ ရက်နေ့ကမှ ထီးချိုင့်မြို့မရဲစခန်းကို ပို့ဆောင်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လှယ်မှီးရွာခံတစ်ဦးက ပြောပါတယ်။

"ဖမ်းဆီးခံရတဲ့ ဆရာမနှစ်ဦးက ရွာသူတွေပါ။ တစ်ယောက်က ဘွဲ့ရ၊ တစ်ယောက်က ၁၀ တန်းပဲ ရှိသေးတာ။ ဖြေတောင် မဖြေရသေးဘူး။ ရွာထဲက ဒလန်တွေက NUG ကျောင်း မှာ စာသင်နေတယ်ဆိုပြီး တိုင်လိုက်လို့ ရွာထဲကို စစ်ကြောင်းပြီး လာဖမ်းသွားတာ။ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့က မြို့မရဲစခန်းမှာ အပ်ထားခဲ့ပြီး အဲဒီစစ်ကြောင်းက ပြန်ထွက် သွားတယ်လို့ပြောတယ်။ နှိပ်စက်တယ်၊ ဘာညာတော့ မကြားဘူး"

ဖမ်းဆီးခံရတဲ့ ဆရာမ နှစ်ဦးဟာ အသက် ၁၈ နှစ်အရွယ် မအေးအေးလှိုင်နဲ့ အသက် ၂၅ နှစ်အရွယ် မစန်းစန်းမာတို့ ဖြစ်ကြတယ်လို့ သူက ဆိုပါတယ်။

အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာတော့ မရှိသေးပါဘူး။

အိမ်ခြေ တစ်ရာလောက်ရှိတဲ့ လှယ်မှီးရွာဟာ အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ် စစ်ကြောင်းတွေ မကြာခဏဆိုသလို ဝင်ထွက်သွားလာလေ့ရှိတဲ့ ရွာဖြစ်တယ်လို့ ဒေသခံ တွေက ပြောဆိုကြပါတယ်။